လီဗာပူးကစားသမားဘ၀အဖွင့်ဘောလုံးရာသီအတွက် ကျေနပ်အားရနေတဲ့ အာမင်ပက်စီ
အာမင်ပက်စီက လီဗာပူးအသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးဘောလုံးရာသီအတွက် အလွန်ပျော်ရွှင်ကျေနပ်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ ဟန်ဂေရီကလပ် Puskas Akademia အသင်းမှ ရောက်ရှိလာခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ဂိုးသမားက စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့သလို အန်ဖီးလ်ကွင်းမှာလည်း U21 အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။
"ဒီကို ရောက်လာရတာ တကယ်ကို ကောင်းပါတယ်။ လူတိုင်းကလည်း ကျွန်တော့်ကို အများကြီးကူညီပေးကြလို့ အခုဆိုရင် ကိုယ့်အိမ်မှာနေရသလိုမျိုး ခံစားနေရပါပြီ" လို့ ပက်ဆီက Liverpoolfc.com ကို ပြောပါတယ်။
"လီဗာပူးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အခွင့်အရေးရှိတယ်လို့ စပြီး ကြားလိုက်ရတုန်းက တကယ်ဂုဏ်ယူမိသလို ခံစားချက်လည်း အရမ်းကောင်းခဲ့ပါတယ်။ နှစ်အတော်ကြာ ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် ကျွန်တော့်ရဲ့ဘဝနဲ့ ကစားသမားဘဝအတွက် နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီကိုရောက်လာပြီး ကမ္ဘာ့အဆင့်မီကစားသမားတွေ၊ အတွေ့အကြုံရှိတဲ့ နည်းပြတွေဆီမှ သင်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်မျိုးဖြစ်ပြီး ကျွန်တော် အမြဲတမ်းလိုလားခဲ့တဲ့အရာဖြစ်သလို ဒီအတွက်လည်း ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
ဟန်ဂေရီလက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဆိုဘိုဆလိုင်းနဲ့ ကာကက်ဇ်တို့ရဲ့ ကူညီပေးမှုနဲ့ပတ်သက်ပြီးတော့လည်း ပက်စီက "သူတို့တွေ ကျွန်တော့်ကို အများကြီး ကူညီခဲ့ကြပါတယ်။ အထူးသဖြင့် ဆိုဘိုဆလိုင်းက ဒီမှာရှိနေတာ ပိုကြာပြီဆိုတော့ သူက ပိုပြီး ကူညီပေးပါတယ်။
ကျွန်တော် တစ်ခုခု မေးချင်တာဖြစ်ဖြစ်၊ အကူအညီလိုတာဖြစ်ဖြစ် သူက အမြဲတမ်း ကူညီပေးပါတယ်။ ကျွန်တော်တို့ အဆင်ပြေပြေနဲ့ ပေါင်းသင်းနိုင်ကြတယ်လို့ ထင်ပါတယ်။ တစ်ခါတလေမှာ ဟန်ဂေရီလို ပြောလို့ရတဲ့သူတစ်ဦး ရှိနေတာက တကယ်ကို ကောင်းပါတယ်။
တစ်စုံတစ်ဦးပြောချင်တာကို နားမလည်တာပဲဖြစ်ဖြစ်၊ ဒီက အလုပ်လုပ်ပုံတွေကို မေးချင်တာပဲဖြစ်ဖြစ် ဟန်ဂေရီဘာသာစကားနဲ့ ရှင်းပြရတာက ပိုလွယ်ကူပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ဘောလုံးအကြောင်း ပြောကြမယ်ဆိုရင်လည်း ဒီအပိုင်းမှာ သူက ကျွန်တော့်ကို အများကြီးကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူတို့တွေ ဒါမှမဟုတ် သူ့ကို တွေ့ရတဲ့အခါ သူတို့ နေ့တိုင်းပြသနေတဲ့ အဆင့်အတန်းမြင့်မားမှုတွေက ကျွန်တော့်အတွက် ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေပါတယ်" လို့လည်း ပက်စီက ပြောကြားသွားခဲ့ပါတယ်။