The network connection is lost.

Banner Image

အာဆင်နယ်က ချန်ပီယံလိဂ်ကို အိပ်မက်ထဲမှာပဲရမယ်လို့ ဆိုလိုက်တဲ့ ပက်တစ်

အာဆင်နယ်ဂန္ထဝင်ကစားသမား အီမန်နျူရယ်ပက်တစ်က အသင်းရဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခြေအပေါ် သူ့ရဲ့အမြင်တွေကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွာတားဖိုင်နယ်မှာ စပို့တင်းလစ္စဘွန်းကို အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာ ဒါမှမဟုတ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ ဂန်းနားတို့အတွက် ခက်ခဲတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခု ဖြစ်လာမှာပါ။

အဲဒီနောက်မှာတော့ ရလဒ်တွေအပေါ်မူတည်ပြီး ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ ဒါမှမဟုတ် လီဗာပူးအသင်းတို့နဲ့ တွေ့ဆုံနိုင်ခြေရှိပါတယ်။ အာဆင်နယ်ဟာ နည်းပြအာတီတာရဲ့လက်ထက်မှာ ပထမဆုံးသော ဥရောပဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

BetGoat နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပက်တစ်က အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံပြသနေမှုဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"လက်ရှိမှာ သူတို့တွေ အိမ်မက်တစ်ခုထဲမှာ ရှင်သန်နေသလိုမျိုး ခံစားချက်ရနေပြီး ပရီးမီးယားလိဂ်မှာ ဖြစ်ပျက်နေတာတွေက သူတို့ကို ယုံကြည်မှုတွေ အများကြီး အများကြီး ပေးစွမ်းနေပါတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ ပြန်ပြီး အမီလိုက်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။"

"ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ၊ လတွေတုန်းက ကျွန်တော် ပြောခဲ့သလိုပါပဲ၊ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ရသွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ ဒါက ဦးစားပေးပါပဲ။ တခြားဖလားတွေပါ ထပ်ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အကယ်၍ ချန်ပီယံလိဂ်မှာပါ တစ်ခုခု ထူးထူးခြားခြား လုပ်ပြနိုင်မယ်ဆိုရင် ဒါဟာ အသင်းသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်လာမှာပါ။ တကယ်လည်း သူတို့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်က ပရီးမီးယားလိဂ်လိုတော့ မဟုတ်ဘူးလေ။"

"ဒီအသင်းမှာက ခန့်မှန်းရခက်ပြီး ထူးခြားတဲ့ စိတ်အားထက်သန်မှုမျိုး ရှိနေပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီတို့လို အသင်းတွေကလည်း တော်တော်လေး အင်အားတောင့်တင်းစွာနဲ့ ပြန်လာနေကြပြီ။ ဒါကြောင့် ချန်ပီယံလိဂ်ဖလားကို ရဖို့ဆိုတာ အာဆင်နယ်အတွက် တကယ့်ကို ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ သူတို့အရင်ဆုံး ရယူရမယ့်ဖလားက ပရီးမီးယားလိဂ်ပါပဲ။ ဒါကတော့ သေချာပါတယ်။" လို့ ၎င်းက ဆိုပါတယ်။

အာဆင်နယ်ဟာ လေဗာကူဆင်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ အနိုင်ယူပြီး အဆင့် ၈ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဟာ ဥရောပဖလားကို ဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုးနိုင်ဖို့ စပို့တင်းအသင်းကို ဆက်လက်ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။