လီဗာပူးနဲ့ထိပ်တိုက်ရင်ဆိုင်မှုမဆိုင်ခင် ပီအက်စ်ဂျီရဲ့ ပွဲရွှေ့ပေးဖို့တောင်းဆိုချက်ကို လန်းစ်အသင်း ပြင်းပြင်းထန်ထန်ကန့်ကွက်
ဧပြီ ၁၁ ရက်မှာ ကစားဖို့ သတ်မှတ်ထားတဲ့ လီဂူးဝမ်းထိပ်သီးနှစ်သင်းရဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပီအက်စ်ဂျီအသင်းရဲ့တောင်းဆိုချက်ကို လန်းစ်အသင်းက လက်မခံဘဲ တုံ့ပြန်လိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းက လီဗာပူးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်ချိန်ပိုမိုရရှိအောင် အခုလို ပွဲစဉ်ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိဥရောပချန်ပီယံတွေက လန်းစ်နဲ့လိဂ်ပွဲစဉ်မတိုင်ခင် သုံးရက်အလိုမှာ လီဗာပူးကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိပြီး၊ အဲဒီနောက် ဧပြီ ၁၄ ရက်မှာတော့ ဒုတိယအကျော့အဖြစ် အန်ဖီးလ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရပါမယ်။ တစ်ဖက်မှာလည်း လီဗာပူးက ပီအက်စ်ဂျီနဲ့ လန်းစ်တို့ကစားဖို့သတ်မှတ်ထားတဲ့ ဧပြီ ၁၁ ရက်မှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ကစားဖို့ ရှိနေပါတယ်။
လက်ရှိလီဂူးဝမ်းအမှတ်ပေးဇယားမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ပီစ်ဂျီက အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လန်းစ်ထက် တစ်ပွဲလျော့၊ တစ်မှတ်အသာ ရရှိထားပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(LFP) က ပီအက်စ်ဂျီရဲ့တရားဝင်ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုချက်ကို အတည်ပြုခဲ့ပေမဲ့ လန်းစ်ဘက်ကတော့ ဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် စထရာဘော့အသင်းကလည်း မိန့်ဇ်နဲ့ကစားရမယ့် ကွန်ဖရင့်လိဂ်ကွာတားဖိုင်နယ်အတွက် ပြင်ဆင်ဖို့ ဘရက်စ်နဲ့ကစားရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါသေးတယ်။
"တာဝန်သိစိတ်နဲ့ ကန့်သတ်ချက်ရှိမှုအရ လန်းစ်အသင်းဘက်ကတော့ PSG ရဲ့ ပွဲရက်ပြောင်းလဲလိုတဲ့ကနဦးစုံစမ်းမေးမြန်းမှုကို ပွဲနေ့မပြောင်းလဲပေးချင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်" လို့ လန်းစ်အသင်းက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
"တချို့အသင်းတွေရဲ့ ဥရောပပွဲအစီအစဉ်တွေအပေါ် မူတည်ပြီး ပြင်သစ်လိဂ်က ကြားညှပ်ပြီး လိုက်ညှိပေးနေရသလို ဖြစ်နေတယ်ဆိုတာ စိုးရိမ်စရာအခြေအနေတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါက တခြားဥရောပပြိုင်ပွဲကြီးတွေမှာတောင် တွေ့ရခဲတဲ့ ထူးဆန်းတဲ့ အားကစားဆိုင်ရာတရားမျှတမှုမျိုးပါပဲ" လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒီကိစ္စက ပြည်တွင်းပြိုင်ပွဲရဲ့ဂုဏ်သိက္ခာအပေါ်မှာပါ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ လန်းစ်အသင်းက ဆိုပါတယ်။ "ဒီဖြစ်ရပ်တစ်ခုတည်းတင် မဟုတ်ဘဲ ပြိုင်ပွဲအပေါ်ထားရှိရမယ့်လေးစားမှုနဲ့ပတ်သက်ပြီး အခြေခံကျကျစဉ်းစားစရာ ဖြစ်လာပါတယ်။ တခြားရည်မှန်းချက်တွေက ဘယ်လောက်ပဲ အရေးကြီးတယ်ပြောပြော၊ မိခင်လိဂ်ပြိုင်ပွဲက ဒုတိယဦးစားပေးလို ဖြစ်နေတယ်ဆိုတာကတော့ စဉ်းစားစရာပါပဲ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီက အခုရာသီ၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်၊ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရချိန်မှာလည်း အလားတူတောင်းဆိုမှုမျိုး လုပ်ခဲ့ဖူးပြီး၊ အဲဒီတုန်းက နန့်စ်တက်နဲ့ကစားရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခွင့်ရရှိခဲ့လို့ အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့အကြား ငါးရက်ကြာ အနားယူခွင့် ရရှိခဲ့ပါတယ်။
ပီအက်ဂျီအသင်းနဲ့ နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနဆီ ပြောရာမှာတော့ "ပွဲစဉ်ဇယားပြောင်းလဲမှုတွေက ပြင်သစ်ဘောလုံးအာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာပဲ ရှိပါတယ်။ လက်ရှိစည်းမျဉ်းတွေနဲ့ ကလပ်အသင်းတွေကြား မျှတမှုရှိစေမယ့် မူဝါဒတွေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ပီအက်စ်ဂျီနဲ့ စထရာဘော့တို့က သူတို့ရဲ့ရာသီဝက်အရေးကြီးပွဲစဉ်တွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်အောင် အခုလိုပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာပါ" လို့ ဆိုခဲ့ပါတယ်။