အဲလီးယော့အန်ဒါဆန်ကို အမြန်ဆုံးကမ်းလှမ်းဖို့ ယူနိုက်တက်ကို ဂါရတ်ဘယ်ရီ တိုက်တွန်း
ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမား ဂါရတ်ဘယ်ရီက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အဲလီးယော့အန်ဒါဆန်ကို ခေါ်ယူဖို့ ခြေလှမ်းစသင့်တယ်လို့ အကြံပြုပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကက်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ရဲ့ အဓိကကွင်းလယ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဒါဆန်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ အင်္ဂလန်ရဲ့ နောက်ထပ်ထိပ်တန်းကစားသမားတစ်ဦးအဖြစ် အာဆင်နယ်ကြယ်ပွင့် ဒက်ကလန်ရိုက်စ်နဲ့တောင် နှိုင်းယှဉ်ခံနေရသူ ဖြစ်ပါတယ်။
သတင်းတွေအရ မန်ယူအသင်းဟာ လာမယ့်လတွေအတွင်းမှာ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဘောလုံးပွဲစဉ်အလေးအသာတွေကို ဖော်ပြပေးလေ့ရှိတဲ့ BOYLE Sports နဲ့ စကားပြောရာမှာတော့ ဘယ်ရီက ဒီကမ်းလှမ်းမှုဟာ အမြန်ဆုံးဖြစ်လာဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ "မန်ယူက ကက်စီမီရိုနေရာမှာ အစားထိုးမယ့်သူကို ရှာဖွေမှာကတော့ သေချာပါတယ်။ အဲလီးယော့အန်ဒါဆန်ကတော့ ကက်စီမီရိုနဲ့ ကစားဟန်ရော အသက်အရွယ်ပါ အများကြီးကွာခြားသလို သူ့ရဲ့ အရည်အချင်းတွေကလည်း တော်တော်လေး ထူးခြားပါတယ်။ ကျွန်တော် အန်ဒါဆန်ကို သဘောကျတယ်။ မင်းသာ မန်ယူရဲ့ လူရှာဖွေရေးအဖွဲ့ထဲမှာဆိုရင် သူ့အကြောင်းကို မဖြစ်မနေ ထည့်ပြောမိမှာပါ။ သူက ဘောလုံးမရှိတဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်တွေ နေရာမရအောင် ဖိအားပေးကစားရာမှာလည်း ထိပ်တန်းအဆင့်ပါ။ တိုက်စစ်ဆင်တဲ့နေရာမှာလည်း သူက တော်တော်လေး စွမ်းဆောင်နိုင်ပါတယ်။"
"ဒါကြောင့်လည်း သောမတ်စ်တူဟယ်လ်က အင်္ဂလန်အသင်းရဲ့ နာမည်ကြီးကစားသမားတွေကို ကျော်ပြီး သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းထားတာပါ။ ကမ္ဘာ့ဖလားမှာလည်း သူက ပွဲထွက်ကစားဖို့ အခွင့်အရေးရှိနေပါတယ်။ ဒါကြောင့် မန်ယူအသင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့ထဲမှာရော တခြားအသင်းတွေမှာပါ သူ့အကြောင်းကို ဆွေးနွေးနေကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကစားသမားရော ကလပ်အသင်းအတွက်ပါ အတွေ့အကြုံအရကြည့်ရင် ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာမှာဆိုရင် အမြန်ဆုံးဖြစ်အောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါက အားလုံးအတွက် အဆင်ပြေစေမှာပါ။ ကလပ်အသင်းနှစ်သင်းလုံးအတွက်ရော ကစားသမားအတွက်ပါ အထောက်အကူဖြစ်စေမှာဖြစ်ပြီး အထူးသဖြင့် ပြိုင်ပွဲကြီးတစ်ခုကို သွားခါနီးအချိန်မှာ ပိုပြီးတော့ အရေးကြီးပါတယ်" လို့ ဘယ်ရီက ဆိုပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ မန်စီးတီးအသင်းကပါ စိတ်ဝင်စားနေတဲ့ အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖောရက်စ်အသင်းသာ တန်းဆင်းသွားခဲ့မယ်ဆိုရင်တော့ ဒီပြောင်းရွှေ့ကြေးဟာ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။