နွေရာသီအပြောင်းအရွှေ့မှာ ခဗာရက်စ်ခီလီယာကိုခေါ်ယူဖို့ အာဆင်နယ် ပစ်မှတ်ထားနေ
အာဆင်နယ်အသင်းက ဒီနှစ်နွေရာသီမှာ အသင်းကို အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီကြယ်ပွင့်ကစားသမား ခဗီချာခဗာရက်စ်ခီလီယာကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ကစားသမားဘက်ကလည်း ဒီအပြောင်းအရွှေ့ကို စိတ်ဝင်စားမှုရှိနေပေမဲ့ ကာတာပိုင်ရှင်တွေကတော့ လက်ရှိစီမံကိန်းရဲ့ အဓိကကျတဲ့ အဖိုးတန်ကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အတွေ့အကြုံရင့်ကစားသမားတစ်ဦးကို အသင်းကနေထွက်ခွာခွင့်ပြုလိုက်ရင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းသစ်နဲ့အညီ လှုပ်ရှားနိုင်ဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်ဖို့ အထူးအာရုံစိုက်နေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ခဲျလ်ဆီးကို သုံးဂိုးသွင်းနိုင်ခဲ့တဲ့ ခဗာရက်စ်ခီလီယာာကို တစ်ဦးချင်း ဖန်တီးမှုပိုမိုလုပ်ဆောင်နိုင်ပြီး အသင်းရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ့် ကြယ်ပွင့်တစ်ဦးအဖြစ် ယူဆနေပါတယ်။
ဒါပေမဲ့ ဒီအပြောင်းအရွှေ့က အလွန်ရှုပ်ထွေးဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားက နာပိုလီကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တုန်းကလည်း အလားတူအခြေအနေမျိုး ကြုံခဲ့ရပါတယ်။ ခဗာရက်စ်ခီလီယာကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လက အင်တာဗျူးတစ်ခုမှာ ဥရောပချန်ပီယံအသင်းမှာရှိရတာကို ဝမ်းသာကြောင်းနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီပြောဆိုမှုတွေက အာဆင်နယ်အတွက် အတားအဆီးဖြစ်လာမှာမဟုတ်သလို ကစားသမားဘက်ကလည်း တခြားရွေးချယ်စရာတွေကို စဉ်းစားဖို့ဆန္ဒရှိနေပါတယ်။ ပီအက်စ်ဂျီသတင်းရင်းမြစ်တွေကတော့ ခဗာရက်စ်ခီလီယာကို ရောင်းချဖို့မဖြစ်နိုင်တဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် မြင်နေဆဲဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။