လီဗာပူးနဲ့ ပြန်တွေ့ရမှုက အမှတ်တရကောင်းတွေကို ပြန်သတိရစေတယ်လို့ ပီအက်စ်ဂျီနည်းပြအင်းနရစ် ပြောကြား
ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က လာမယ့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ ထပ်မံတွေ့ဆုံရမယ့်အလားအလာနဲ့ပတ်သက်လို့ "လှပတဲ့ အမှတ်တရတွေ" ကို ပြန်သတိရမိစေတယ်လို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါက ယမန်နှစ်၊ ဒီနှစ်သင်းတွေ့ဆုံမှုမှာ သူ့ရဲ့အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့မှုကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။
"အဲဒီအချိန်တုန်းက လီဗာပူးက ဥရောပမှာ အကောင်းဆုံးအသင်းဖြစ်နေခဲ့တာပါ။ ဘယ်သူကမှ ပီအက်စ်ဂျီအကြောင်း ကောင်းကောင်းမပြောကြချိန်မှာတောင် အန်းစလော့က ကျွန်တော်တို့အသင်းအပေါ် ကောင်းမွန်တဲ့မှတ်ချက်ပေးခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်" လို့ အင်းနရစ်က ဆိုပါတယ်။
"ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကိုအပေါင်းလက္ခဏာဆောင်ခဲ့ပြီး အစဉ်အလာကြီးမားတဲ့ထိပ်တိုက်တွေ့ဆုံမှုရဲ့ လှပတဲ့အမှတ်တရတစ်ခုလည်း ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အဖြစ် ပါရီမှာ လီဗာပူးက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အန်ဖီးလ်ကွင်းမှာတော့ ပီအက်စ်ဂျီက ၁-၀ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ ဂိုးဖြင့် ပီအက်စ်ဂျီက အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်းနရစ်ရဲ့အသင်းက သူတို့ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း လီဗာပူးက ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့တွေ့ဆုံချိန် အနိုင်ရရှိဖို့ ရေပန်းစားခဲ့ပါတယ်။
ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ အန်းစလော့ရဲ့အသင်းက အရင်လို ကြောက်စရာကောင်းတဲ့ အနေအထားမှာ မရှိတော့ဘဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာဆီ ရောက်ရှိနေပါတယ်။
"အခုချိန်မှာ ကျွန်တော်တို့က ပိုပြီး ရေပန်းစားနေသလား? အသင်းပတ်ဝန်းကျင်မှာ ပြောဆိုနေကြတာတွေကို ထိန်းညှိဖို့နဲ့ အခြေအနေမှန်ကို သုံးသပ်ဖို့ ကျွန်တော် အမြဲတမ်းကြိုးစားပါတယ်" လို့ စနေနေ့မှာ ကစားမယ့် နိုက်စ်အသင်းနဲ့ ပြင်သစ်လိဂ်ပွဲစဉ်မတိုင်ခင် အင်းနရစ်က ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်ဆီမှာ အမြော်အမြင်ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဘယ်သူကမှ ရေပန်းစားနေတာမျိုး မဟုတ်ဘူးဆိုတာနဲ့ နှစ်ဖက်စလုံးက အခုလို ပွဲကြီးပွဲကောင်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်" လို့ သူက ဆိုပါတယ်။
ပီအက်စ်ဂျီက ပြီးခဲ့တဲ့သီတင်းပတ်၊ နန့်တက်စ်နဲ့အိမ်ကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရလို့ လန်းစ်အသင်းထက် တစ်ပွဲလျော့၊ တစ်မှတ်အသာဖြင့် ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။