ဗင်နီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားစော်ကားတယ်ဆိုတဲ့ ဆိုးရွားတဲ့စွပ်စွဲချက်တွေကို ဘင်ဖီကာကွင်းလယ်လူပရက်စတီယန်နီ ငြင်းဆို
ဘင်ဖီကာတောင်ပံကစားသမားပရက်စတီယန်နီက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီးယက်စ်ကို လူမျိုးရေးခွဲခြား စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်လုံတဲ့သက်သေအထောက်အထားမရှိဘဲ အပြစ်ပေးခံခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၂၀ နှစ်အရွယ် အာဂျင်တီးနားသားလေးက ပြီးခဲ့တဲ့ဖေဖော်ဝါရီလပွဲစဉ်အတွင်း သူ့ရဲ့အကျီနဲ့ ပါးစပ်ကိုအုပ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေနဲ့ ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဲ့ဒီအခိုက်အတန့်မှာ ကွင်းလယ်ဒိုင်လူကြီးက ပွဲကို ၁၀ မိနစ်လောက် ရပ်နားခဲ့ရသလို ယူအီးအက်ဖ်အေ (UEFA) ကလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး ပရက်စတီယန်နီကို ဒုတိယအကျော့ပွဲစဉ်အတွက် ပါဝင်ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။ တကယ်လို့ စုံစမ်းစစ်ဆေးမှုအရ ဗင်နီစီးယပ်စ်ကို အမှန်တကယ်စော်ကားခဲ့တယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ရှိရမယ်ဆိုရင် အနည်းဆုံး ၁၀ ပွဲပယ်ပြစ်ဒဏ်အထိ ကျခံသွားရပါလိမ့်မယ်။
ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပါတယ်။
ပရက်စတီယန်နီက အာဂျင်တီးနားရုပ်သံလိုင်းဖြစ်တဲ့ Telefe နဲ့ အင်တာဗျူးမှာ မက်ဒရစ်ကွင်းဒုတိယအကျော့ပွဲစဉ်လွဲချော်ခဲ့ရမှုကို "တကယ်ကို နာကျင်ရပါတယ်" လို့ ပြောခဲ့သလို လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ မိဘတွေ၊ အဖိုးအဖွားတွေကိုပဲ တွေးနေမိတယ်။ တကယ်မဖြစ်ခဲ့တဲ့အရာတွေ၊ ကျွန်တော့်ရဲ့စိတ်ဓာတ်နဲ့ လုံးဝမသက်ဆိုင်တဲ့အရာတွေကို လူတွေက အများကြီးပြောနေကြတာပါ။ ဒါ တကယ်ကို ရုပ်ဆိုးလွန်းသလို အရမ်းလည်း စိတ်ထိခိုက်ရပါတယ်" လို့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူက ဖွင့်ဟခဲ့ပါတယ်။
အသင်းဖော်တွေနဲ့ ကလပ်အသင်းရဲ့ သူ့အပေါ် ယုံကြည်ပေးမှုနဲ့ ဝန်းရံပေးမှုတွေအတွက်လည်း "အများကြီး ကျေးဇူးတင်တယ်" လို့ ပြောခဲ့သလို နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုကိုလည်း "ထူးခြားပြောင်မြောက်တဲ့လူတစ်ဦး" လို့ ချီးကျူးခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုက ပထမအကျော့အတွင်း ဗင်နီစီးယက်စ်ရဲ့ဂိုးသွင်းပြီးချိန်အောင်ပွဲခံပုံကို အခုလိုအခြေအနေမျိုးဖြစ်အောင် လှုံ့ဆော်ချက်လို့ ပြောဆိုခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မော်ရင်ဟိုက သူရဲ့သဘောထားကို ပြန်လည်ရှင်းလင်းခဲ့ပြီး တကယ်လို့ လူမျိုးရေးခွဲခြားမှုရှိခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုအရ အတည်ပြုနိုင်ခဲ့ရင် ဒီအာဂျင်တီးနားကစားသမားကို သူ့လက်အောက်မှာ ဘယ်တော့မှ ပွဲမထုတ်တော့ဘူးလို့ အာမခံပြောကြားခဲ့ပါတယ်။
ပရက်စတီယန်နီက အခုနိုင်ငံတကာသီတင်းပတ်အတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
"အခုလိုအခွင့်အရေးမျိုးရလာဖို့အတွက် နေ့တိုင်းအစွမ်းကုန်ကြိုးစားနေတာပါ။ ကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်ကတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပွဲမှာ ကစားခွင့်ရဖို့ပါပဲ" လို့ တောင်ပံကစားသမားက ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။