
ဂျိုတာရဲ့လစာကို မိသားစုဆီ စာချုပ်သက်တမ်းပြည့်မြောက်ချိန်အထိ ပေးချေသွားမယ်လို့ အတည်ပြုလိုက်တဲ့ အန်းစလော့
လီဗာပူးအသင်းအနေဖြင့် ဂျိုတာရဲ့စာချုပ်သက်တမ်းပြည့်မြောက်ချိန်အထိ ကျန်ရစ်သူမိသားစုဆီ လစာငွေကြေးပေးချေသွားမယ်လို့ အန်းစလော့က အတည်ပြုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်၊ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ဂျိုတာ ဆုံးပါးသွားခဲ့ပါတယ်။ သူက ရာသီကြိုကာလအတွက် ညီဖြစ်သူအန်ဒရေဆေးလ်ဗားနဲ့အတူ အင်္ဂလန်နိုင်ငံဆီ ပြန်လာစဉ် အခုလိုမျိုး မတော်တဆမှုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဂျိုတာကွယ်လွန်မှုသတင်းနဲ့အတူ ဘောလုံးကမ္ဘာတစ်ခုလုံး ကြိမ်မီးအုံးသလို ဝမ်းနည်းပူဆွေးခဲ့ပြီး ကျန်ရစ်သူမိသားစုဆီ ဝမ်းနည်းကြောင်းစာလွှာတွေ ပေးပို့ခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကတည်းက လီဗာပူးက ဂျိုတာရဲ့မိသားစုဆီ ငွေကြေးဆိုင်ရာပံ့ပိုးကူညီမှု ပြုလုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ်ကစားသမားက ကွယ်လွန်ချိန်မှာ လီဗာပူးနဲ့စာချုပ်သက်တမ်းနှစ်နှစ် ကျန်ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ လီဗာပူးအသင်းပိုင်ရှင် FSG က ပေါ်တူဂီလက်ရွေးစင်ကစားသမားဟောင်းရဲ့မိသားစုကို ကူညီပေးနိုင်ရန် ဂျိုတာရဲ့စာချုပ်ကို မဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မာဆေးဆိုဒ်အနီရောင်တပ်သားတွေအတွက် ခက်ခဲလှတဲ့ နွေရာသီကာလတစ်ခုအကြောင်း ဆွေးနွေးရာမှာ ဒတ်ချ်နည်းဗျူဟာရှင် အန်းစလော့က “ ကံမကောင်းစွာနဲ့ဘဲ ရှိရင်းစွဲအစီအစဉ်ထက်ကျော်လွန်ပြီး ကစားသမားတစ်ဦးထက်မနည်းကို ကျွန်တော်တို့ ခေါ်ယူသွားဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အသုံးစရိတ်က ရည်မှန်းချက်ထက် ပိုမိုများပြားခဲ့တာပါ။
ဒီမြို့ရဲ့ဝမ်းနည်းပေးမှုတွေက ကျွန်တော့်အတွက် စိတ်ခံစားမှုတွေ အထူးတလည်ဖြစ်ပေါ်စေပါတယ်။ အောင်မြင်နေတဲ့ကလပ်အသင်းတစ်ခုအတွက် အလုပ်,လုပ်ပေးရတာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အရာတွေထက် ဂုဏ်ယူဖို့ ပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီအဖြစ်ဆိုးကြီးအပြီး ပရိသတ်တွေရဲ့ဝမ်းနည်းကြောင်းဖော်ပြမှုတွေက တွေးမိရင်ကို မခံစားနိုင်တော့ပါဘူး။ကျွန်တော်တို့ကစားသမားတွေလည်း အလားတူပါပဲ။ သူတို့တွေ နာရေးအခမ်းအနားဆီ တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေးကွင်းဆီ ပြန်လာခဲ့ကြပါတယ်။ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တွေးမိလိုက်တဲ့အချက်က ဂျိုတာရဲ့ဇနီးနဲ့ ရင်သွေးတွေဆို ဘယ်လောက်အထိခံစားနေရမလဲဆိုတာပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက အရမ်းခက်ခဲလွန်းလို့ပါ။ ကျွန်တော်တို့ရဲ့ဘဝတွေကတော့ ရှေ့ဆက်လာခဲ့ကြပါတယ်။ လူတွေက ကျွန်တော့်ကို ထာဝရပြင်ဆင်ထားခဲ့ဖို့ မျှော်လင့်ကြပါတယ်။ မိသားစုအတွက်၊ သားသမီးတွေအတွက် အခုလိုအဖြစ်မျိုးက ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကို သိရှိထားလို့ တခါတရံ ခံစားရခက်ခဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ လူတွေက သူတို့ရဲ့လက်ကျန်ဘဝအတွက်ပဲ ဆက်လက်ရှင်သန်ဖြတ်သန်းသွားရပါမယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ပရိသတ်တွေရဲ့တုံ့ပြန်ပုံကြောင့် ဂုဏ်ယူမိသလို အသင်းပိုင်ရှင်တွေရဲ့ဆုံးဖြတ်ချက်အတွက်လည်း ဂုဏ်ယူမိပါတယ်။
နည်းပြတွေလိုပဲ အသင်းပိုင်ရှင်တွေလည်း အဓိကကျပါတယ်။ စာချုပ်သက်တမ်းပြည့်မြောက်ချိန်အထိ ဂျိုတာရဲ့ဇနီးနဲ့ ရင်သွေးတွေဆီ လစာငွေကြေးတွေ ပေးချေခြင်းဖြင့် သူတို့ကိုင်တွယ်သွားပုံက အတော်လေးကောင်းမွန်ပါတယ်။ လူတွေက သာမန်ပဲလို့ တွေးနိုင်ပေမယ့် ဒါဟာ ဘောလုံးနဲ့သက်ဆိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး” လို့ TNT Sports သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ဂျိုတာကွယ်လွန်ပြီးနောက် လီဗာပူးအသင်းက ကစားသမားဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်-၂၀ ဂျာစီကို ထာဝစဉ်အနားပေးခဲ့သလို အန်ဖီးလ်ကွင်းပြင်ပမှာလည်း ပေါ်တူဂီလက်ရွေးစင်ရဲ့ရုပ်ထုကိုဖန်တီးဖို့ ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဝုဗ်မှ မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာတဲ့ ဂျိုတာက အသင်းအတွက် ၁၈၂ ပွဲကစားကာ ၆၅ ဂိုးသွင်းယူခဲ့ပါတယ်။