The network connection is lost.

Banner Image

လီဗာပူးအသင်းဆီ ပြန်လာမယ်ဆိုတဲ့ သတင်းတွေကို ကလော့ပ်ငြင်းဆို

အန်းစလော့ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ မကြာခင်ကာလအတွင်း လီဗာပူးအသင်းဆီ ပြန်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ယာဂန်ကလော့ပ်ကိုယ်တိုင် ပယ်ချလိုက်ပါတယ်။

အန်းစလော့က လီဗာပူးအသင်းအတွက် အကြိမ် ၂၀ မြောက်အမှတ်ပေးဖလားကို ရယူပေးခဲ့ပြီး ၁၂ လနီးပါးအကြာမှာပဲ ရာသီဝက်ကာလမှာတင် ရလဒ်တွေ ဆိုးရွားနေခဲ့လို့ လတ်တလောမှာ ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားပဲ ကျန်ရှိပါတော့တယ်။

အန်ဖီးလ်ကလပ်က ကာရာဘောင်ဖလားနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှ ထွက်ခွာခဲ့ရသလို အခုခြေစွမ်းထက် ပိုမကောင်းလာဘူးဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒါကြောင့် အန်းစလော့အပေါ် ဖိအားတွေ တိုးလာနေပြီး သူ့ရဲ့နေရာမှာ အလွန်ဆို ဒါမှမဟုတ် ပြီးခဲ့တဲ့စနေနေ့၊ ဒေါ့မွန်နဲ့ကစားခဲ့တဲ့ LFC Legends ပွဲစဉ်အတွက် မြို့ဆီပြန်ရောက်လာခဲ့တဲ့ နည်းပြဟောင်းကလော့ပ်တို့နဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ အသင်းဆီ ပြန်လာဖို့ရှိလားလို့ မေးမြန်းချိန်မှာတော့ ကလော့ပ်က ပရဟိတပွဲအတွက်သာ ရောက်ရှိလာတဖြစ်ပြီး ပရိသတ်တွေကို မျှော်လင့်ချက်အမှားတွေ မပေးချင်ဘူးလို့ပြောဆိုကာ ငြင်းဆန်ခဲ့ပါတယ်။

"စက္ကန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်က စကားတွေအများကြီးပြောဖို့ မဟုတ်ပါဘူး။ ဖောင်ဒေးရှင်းအတွက် ဒီကိုလာခဲ့တာဖြစ်ပြီး တကယ့်ကိုထူးခြားတဲ့အတွေ့အကြုံတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

"ကျွန်တော့်အတွက်တော့ ခဏတာအနားယူပြီးမှ အရင်လို နီးနီးကပ်ကပ် ပြန်ရှိနေရတာ၊ လီဗာပူးရဲ့ကစားသမားတွေနဲ့ရော ဒေါ့မွန်ရဲ့ကစားသမားတွေကိုပါ ပြန်တွေ့ရတယ်ဆိုတာ တကယ့်ကို ထူးခြားပါတယ်။ ဒေါ့မွန်က ကစားသမား ၈၀ ရာခိုင်နှုန်းလောက်က ကျွန်တော့်ရဲ့ တပည့်ဟောင်းတွေပဲလေ။ ပြီးတော့ သူတို့အားလုံးကို တစ်ခန်းတည်းမှာ အခုလို စုံစုံလင်လင် ပြန်တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်ကို မိုက်ပါတယ်။ လူတွေကလည်း ဒီပွဲကို အားတက်သရော အားပေးခဲ့ကြပါတယ်။ ကောင်လေးတွေအားလုံး ကစားနေတာကို ကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ သီယာဂိုကစားတာကို ကြည့်ရတာနဲ့တင် လက်မှတ်ဖိုးနဲ့ တန်နေပါပြီ" လို့ သူက ဆိုပါတယ်။

ဒေါ့မွန်နဲ့ပွဲစဉ်မှာ သီယာဂိုနဲ့ စပီးယားရင်းတို့ ဂိုးတွေသွင်းယူခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး အန်ဖီးလ်ကွင်းဆီပြန်လာချိန် နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကလော့ပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့အိမ်ပြန်ခရီးကို အထူးအဆန်းဖြစ်အောင် ဖန်တီးပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ LFC ဖောင်ဒေးရှင်းကို Mention ခေါ်ပြီး သူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။