The network connection is lost.

Banner Image

အကျပ်အတည်းကြားမှ လီဗာပူးအသင်း ရုန်းထလာလိမ့်မယ်လို့ ကိုနာတေးဆို

လီဗာပူးနောက်ခံလူကိုနာတေးက အသင်းရဲ့ခြေစွမ်းပိုင်းကျဆင်းနေမှုကို ပြန်လည်ကုစားဖို့ ကြိုးစားနေချိန် ပရိသတ်တွေဆီ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပဲ ဆက်ရှိနေတော့လို့ ရာသီမကုန်ခင် ဆုဖလားတစ်ခုခု ရရှိအောင် အသည်းအသန် ကြိုးစားနေရပါတယ်။

လက်ရှိချန်ပီယံတွေ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရှိနေပြီး အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ၂၁ မှတ်အထိ ကွာဟနေပါတယ်။ အခုရာသီအတွင်း အမှတ်ပေးပွဲစဉ် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့မှုကြောင့် လီဗာပူးရဲ့ ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်မှာ ဘယ်လောက်အထိရုန်းကန်နေရသလဲဆိုတာကို မြင်တွေ့နေရပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကိုနာတေးကတော့ အရင်လိုထိပ်တန်းအဆင့်ကို လီဗာပူးအသင်း ပြန်ရောက်လာမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူမယ်၊ အသားကျအောင် ညှိနှိုင်းမယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်အောင် ကြိုးစားမယ်၊ အချိန်တန်ရင်တော့ ဆုဖလားတွေ ပြန်ရလာပါလိမ့်မယ်” လို့ သူက ESPN ကို ပြောပါတယ်။

“ကျွန်တော်တို့ အောင်မြင်မှုတွေ ရရှိလာပါဦးမယ်။ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ရလိုက်တဲ့အခါ လူတွေက အရင်ဖြတ်သန်းခဲ့ရတဲ့ ရာသီအဆိုးတွေကို မေ့သွားကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာလည်း ကျွန်တော်တို့ အမှတ်ပေးဖလား ရခဲ့တာပဲလေ။ ဒါ အောင်မြင်မှုရဲ့လမ်းစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့မှာ အံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေရှိလို့ စိတ်အေးအေးထားပြီး အတူတူ လက်တွဲသွားရပါမယ်။ အောင်မြင်မှုကတော့ သေချာပေါက်ပြန်ရောက်လာပါလိမ့်မယ်” လို့ ကိုနာတေးက ဆိုပါတယ်။

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းကက လာမယ့်ရာသီအတွက် ကိုနာတေးကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြင်သစ်နောက်ခံလူကိုနာတေးကိုယ်တိုင်လည်း လီဗာပူးအသင်းကို တိုးတက်အောင် လုပ်ပေးချင်ပေမဲ့ အခွင့်အရေးသာရလာမယ်ဆိုရင်တော့ အသင်းမှထွက်ခွာဖို့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။