ယူနိုက်တက်ကစားသမားတွေ တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ ဝန်ခံလာတဲ့ ဒီလစ်ချ်
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို ၂-၀ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်နောက်ခံလူ ဒီလစ်ချ်က အသင်းရဲ့ကစားသမားတွေ အများကြီးတိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပွဲအပြီးမှာ နယ်သာလန်လက်ရွေးစင်ကစားသမားက “တကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဂိုးပေးလိုက်ရတဲ့ ပုံစံတွေက စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။ မန်နေဂျာကလည်း ဒီအတိုင်းပဲပြောမယ်လို့ ထင်ပါတယ်။ ဒီလိုရလဒ်တွေဆက်ဖြစ်နေရင်တော့ တိုးတက်မှုမရှိဘူးလို ယူဆခံရပါလိမ့်မယ်”
“စိတ်ပျက်စရာရလဒ်ဖြစ်ပေမယ့် အသင်းမှာ အပြုသဘောဆောင်တဲ့အချက်အလက်အချို့လည်း မြင်တွေ့ခဲ့ရပါတယ်။ တည်ကန်ဘောတွေအပါအဝင် ကျွန်တော်တို့ အခွင့်အရေးတွေလည်း အများကြီးခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော်တို့ဘက်က ရခဲ့တဲ့အခွင့်အရေးတွေကလည်း တော်တော်ကောင်းခဲ့တယ်လို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ခံစစ်အတွက် တာဝန်ကျေခဲ့တဲ့ ဒီလစ်ချ်ဟာ တိုက်စစ်ပိုင်းမှာလည်း အကူအညီတွေပေးနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကန်ချက်ကို ခေါင်းတိုက်အဆုံးသတ်ခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာရဲ့ လက်စွမ်းပြမှုကြောင့် သွင်းဂိုးတော့မရရှိခဲ့ပါဘူး။
ဆက်လက်ပြီး နောက်ခံလူက “ကျွန်တော်တို့ တိုက်စစ်ပိုင်းတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ အခုချိန်မှာ နည်းပြအသစ်တွေနဲ့ အလုပ်စလုပ်နေရတာဖြစ်ပေမယ့် တိုးတက်မှုတွေတော့ရှိနေပါတယ်။ ဒါပေမယ့် ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အမှတ် ၁ မှတ်မှမရခဲ့လို့ စိတ်ပျက်စရာကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် အာရုံစိုက်ထားကြောင်းကိုလည်း ဒီလစ်ချ်က “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ ကျွန်တော်တို့ လုံလောက်တဲ့ခြေစွမ်းမရှိခဲ့လို့ ဒီပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အလုပ်ကြိုးစားပြီး တိုးတက်အောင်ပြုလုပ်သွားရပါမယ်။ လာမယ့်ပွဲမှာ တိုးတက်မှုကို ပြသနိုင်ဖို့လိုပါတယ်။ အမှားတွေကနေ သင်ယူပြီး အနိုင် ၃ မှတ်ရနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။