ပိုလန်နဲ့သရေကျပြီးနောက် ရလဒ်အပေါ် စိတ်ပျက်နေတဲ့ ရော်နယ်ကိုးမန်း
ဝါဆောမြို့မှာ ပိုလန်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားကို စောစောစီးစီး ဝင်ခွင့်ရရှိဖို့ အခွင့်အရေးကို လွဲချော်သွားခဲ့ပါတယ်။ နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်းက ပိုလန်နဲ့သရေကျခဲ့ပြီးနောက်မှာ ကျေနပ်တာထက် စိတ်ပျက်နေတယ်လို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ Group G ရဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေတဲ့ ရော်နယ်လ်ကိုးမန်းရဲ့ အသင်းအတွက် မန်းဖစ်ဒီပေးက ဂျာကပ် ကာမင်စကီရဲ့ ဦးဆောင်ဂိုးကို ချေပပေးခဲ့ပါတယ်။
ဒီသရေပွဲကြောင့် နောက်ဆုံးပွဲမတိုင်ခင် နယ်သာလန်က ပြိုင်ဘက်ပိုလန်ကို သုံးမှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။ ကိုးမန်းက"ပျော်တာထက် စိတ်ပျက်တာက ပိုများပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ခြေစစ်ပွဲအောင်ဖို့အတွက် နောက်ထပ်တစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။ ခံစစ်အလွန်အကျွံကစားတဲ့အသင်းတွေနဲ့ ကစားရတာ မလွယ်ပါဘူး။ ကျွန်တော်တို့ စိတ်ရှည်ရမယ်။ ကွဲပြားတဲ့နည်းလမ်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့အခွင့်အရေးတွေ အလုံအလောက် မဖန်တီးနိုင်ခဲ့ဘူး။
ပိုလန်က သူတို့ရဲ့ အရည်အချင်းနဲ့ ကစားဟန်ကို ပြသသွားခဲ့တယ်။ ခံစစ်ကနေ တိုက်စစ်ကို မြန်မြန်ဆန်ဆန်စတင်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ ဂိုးပေးလိုက်ရတာပါ။ ဒါက ပိုလန်ကြိုက်တဲ့ ကစားဟန်ဖြစ်ပြီး သူတို့ကို အန္တရာယ်ရှိစေပါတယ်"လို့ ပြောခဲ့ပါတယ်။ ပိုလန်အသင်းအနေနဲ့ Group G မှာ ထိပ်ဆုံးနေရာရဖို့အတွက် သင်္ချာနည်းအရ မဖြစ်နိုင်တော့ပေမယ့် အနည်းဆုံးတော့ play-off ဝင်ခွင့်ကို ရရှိထားခဲ့ပါတယ်။