
ယူနိုက်တက်နဲ့ ချဲလ်ဆီးပွဲမတိုင်ခင် ကိုးလ်ပါးမားရဲ့ ဒဏ်ရာအခြေအနေ
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ကိုးလ် ပါးမားဟာ ပြီးခဲ့တဲ့လက ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့လို့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်ဖြစ်တဲ့ အန်ဒိုရာနဲ့ ဆားဘီးယားတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းတွင် လူစားဝင်ကစားသမားအဖြစ်နဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ ပွဲစဉ်မှာလည်း ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပါးမားဟာ ဘိုင်ယန်နဲ့ပွဲရဲ့ နောက်ဆုံးအချိန်မှာ ပေါင်ခြံကို ဖိထားတာကို တွေ့ခဲ့ရလို့ နောက်ထပ်အနားယူရမယ့် အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ မနက်ဖြန်ညနေခင်းပွဲစဉ်မတိုင်ခင်မှာ နည်းပြ မာရက်စ်ကာက ပါးမားဟာ “အဆင်ပြေပါတယ်” လို့ အတည်ပြုခဲ့ပြီး ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့လူစာရင်းရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး မာရက်စ်ကာက “ကျွန်တော်တို့ အခုလေ့ကျင့်ရေးဆင်းပါမယ်။ ပြီးတော့ မနေ့ကပဲ ပြန်ရောက်လာတာဆိုတော့ ကစားသမားတချို့ကို ဆန်းစစ်ဖို့ လိုအပ်ပါသေးတယ်” “သံသယဖြစ်စရာတချို့ရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ပွဲပြီးနောက် ဘယ်လေ့ကျင့်ရေးအစီအစဉ်မှ မလုပ်ရသေးတော့ ကျွန်တော်တို့ နောက်မှ ကြည့်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ချဲလ်ဆီးပရိသတ်တွေဟာ ကစားသမားသစ် ဂါနာချိုရဲ့ ခြေစွမ်းကို အနည်းငယ်သာ မြင်တွေ့ရသေးပါတယ်။ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်ကနေ မပြေမလည်ဖြစ်ကာ ထွက်ခွာခဲ့ပြီးနောက် အသင်းဟောင်းကို ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပြီး နည်းပြ မာရက်စ်ကာကတော့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ အခုဆိုရင် ပထမဆုံး ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
မာရက်စ်ကာက “နောက်ဆုံးနှစ်ပွဲမှာ သူက လူစားဝင်ကစားသမားအဖြစ်နဲ့ အရမ်းကောင်းခဲ့ပါတယ်” “သူက ကျွန်တော်တို့ရဲ့ပုံစံနဲ့ ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေလဲဆိုတာကို ကျွန်တော်တို့ ပျော်ရွှင်ပါတယ်၊ ကျွန်တော်တို့ရဲ့ တောင်ပံကစားသမားတွေဆီကနေ ဘာလိုချင်လဲဆိုတာကိုပါ” “မနက်ဖြန်ပွဲထွက်ဖို့ သူအဆင်သင့်ဖြစ်နေပြီလားဆိုတော့ ကျွန်တော်ထင်တာကတော့ သူ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။