လျှို့ဝှက်စာချုပ်ဖျက်သိမ်းကြေးကြောင့် ထက်ဝက်ကြေးနဲ့အသင်းကနေထွက်ခွာနိုင်တဲ့ ယူနိုက်တက်စတား
ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တစ်ယောက် လျှို့ဝှက်စာချုပ်ဖျက်သိမ်းကြေးကြောင့် ရာသီအကုန်မှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေတာဖြစ်ပါတယ်။
ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းကနေထွက်ခွာဖို့ ချိတ်ဆက်ခံနေရတာဖြစ်ပြီး ဆော်ဒီလိဂ်ကလပ်တွေက ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်က ဒီရာသီရုန်းကန်ရမှုနဲ့အတူ ဖာနန်ဒက်စ်ကလည်း ထွက်ခွာနိုင်ချေရှိနေပါတယ်။
The Sun သတင်းဌာနရဲ့အဆိုအရ ဖာနန်ဒက်စ်အနေနဲ့ လာမယ့်နွေမှာ အင်္ဂလန်ပြင်ပအသင်းတွေထံ ပေါင် ၅၇ သန်းနဲ့ ထွက်ခွာနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ အဆိုပါတန်ကြေးဟာ အခုနှစ်အစောပိုင်းတုန်းက ဆော်ဒီလိဂ်အချို့ကမ်းလှမ်းခဲ့တဲ့တန်ကြေးတွေထက် လျော့နည်းနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်တာကြောင့် ဆက်ထိန်းထားဖို့ လုပ်ဆောင်နေပါတယ်။ သူ့နေရာမှာ အစားထိုးမယ့်ကစားသမားရှာဖွေဖို့ကလည်း ခက်ခဲနိုင်တာကြောင့် ယူနိုက်တက်က ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
မနှစ်ကနွေတုန်းက ဖာနန်ဒက်စ်ဟာ ကမ်းလှမ်းလာမှုတွေကို ပယ်ချပြီး ယူနိုက်တက်မှာဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့နောက် သူ့အနေနဲ့ အသင်းကနေမထွက်ခွာချင်သလို အသင်းကိုချစ်မြတ်နိုးပြီး အောင်မြင်စေချင်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဖာနန်ဒက်စ်က ဆော်ဒီမြေဘက်ကကမ်းလှမ်းမှုကို ကမ္ဘာ့ဖလားအခြေအနေကြောင့် ငြင်းဆန်ခဲ့တာလို့လည်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဆော်ဒီမြေကိုမပြောင်းတာက ကမ္ဘာ့ဖလားကြောင့်ပါ။ အဲ့တာက ကျွန်တော့်စိတ်ထဲမှာ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ ကျွန်တော် ယူနိုက်တက်မှာဆက်နေချင်ခဲ့တာပါ။ အသင်းကလည်း ကျွန်တော့်ကိုဆက်နေစေချင်ပါတယ်။ ကျွန်တော် ယူနိုက်တက်နဲ့အခိုက်အတန့်တိုင်းကို နှစ်သက်ပါတယ်။ နိုင်ငံအသင်းကိုကိုယ်စားပြုခွင့်ရဖို့က အရေးအကြီးဆုံးအရာပါ။ တကယ်လို့ ယူနိုက်တက်ကနေထွက်ခွာမယ်ဆိုရင် နိုင်ငံအသင်းမှာကစားခွင့်ရမလားဆိုတာ ကျွန်တော်မသိပါဘူး”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
၂ ပွဲဆက်အနိုင်ရပြီးနောက် အာမိုရင်အပါအဝင် ဖာနန်ဒက်စ် နဲ့ ယူနိုက်တက်စတားတွေက လာမယ့်ဘရိုက်တန်နဲ့ပွဲမှာလည်း အနိုင်ရအောင်စွမ်းဆောင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ၈ ပွဲမှာ ၁၃ မှတ်ရယူထားနိုင်ခဲ့တဲ့ယူနိုက်တက်ဟာ ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်သာကွာဟနေပါတယ်။ တကယ်လို့ ဘရိုက်တန်ကိုသာအနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိအရေးနိမ့်ထားတဲ့စံချိန်ကိုပါ ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ယူနိုက်တက်အသင်းရဲ့နောက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေပြီး အနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။