The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့အတူ နိုင်ပွဲ ၁၀၀ ပြည့်ခဲ့ပေမဲ့ အောင်ပွဲခံမှာမဟုတ်ဘူးလို့ အူနိုင်းအမ်မရီ အခိုင်အမာပြော

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ကြာသပတေးနေ့ (မတ်လ ၁၂ ရက်) က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လိုင်လီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး အသင်းအတွက် နိုင်ပွဲ ၁၀၀ ပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အောင်ပွဲခံမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အော်လီဝက်ကင်းရဲ့ ခေါင်းတိုက်ဂိုးနဲ့ လိုင်လီအသင်းကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီးနောက် အသက် ၅၄ နှစ်အရွယ် နည်းပြ အမ်မရီဟာ အက်စတွန်ဗီလာ သမိုင်းတစ်လျှောက် နိုင်ပွဲ ၁၀၀ ရယူပေးနိုင်တဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အမ်မရီက အခုစံချိန်သစ်အတွက် သူစိတ်မဝင်စားဘဲ လာမယ့် သီတင်းပတ်ကုန်မှာ ကစားရမယ့် မန်ယူအသင်းနဲ့ ပွဲစဉ်ကိုပဲ အာရုံရောက်နေတယ်လို့ ဆိုပါတယ်။

"ဒါတွေက ပြီးသွားပါပြီ။ ကျွန်တော် လုပ်ခဲ့သမျှ အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခု ကျွန်တော်က တနင်္ဂနွေနေ့ မန်ချက်စတာမှာ ကစားမယ့်ပွဲကိုပဲ အာရုံစိုက်နေပါတယ်။ နောက်အပတ် ကြာသပတေးနေ့မှာ လိုင်လီနဲ့ ပြန်ကစားရမယ့် ပွဲကိုလည်း စဉ်းစားနေပါတယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် "အသင်းရော ကျွန်တော်ကိုယ်တိုင်ပါ ဘယ်လိုထပ်ပြီး တိုးတက်အောင် လုပ်မလဲဆိုတာကိုပဲ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုမှုတွေ အမြဲပြုလုပ်ပြီး ဆက်လက် ကြိုးစားသွားချင်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။