ယူနိုက်တက်မှာ ဆက်ရှိနေဖို့အတွက် ဘရူနို ဖာနန်ဒက်စ် တောင်းဆိုလိုက်တဲ့ အချက် ၂ ချက်
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က လာမယ့်ရာသီမှာ သူ အသင်းမှာ ဆက်ရှိနေဖို့အတွက် အချက် ၂ ချက်ကို ကလပ်အသင်းဆီ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဒီရာသီမှာလည်း မန်ယူအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၇ ဂိုးသွင်း၊ ၁၃ ဂိုးအထိ ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့လည်း သူ့ကို ဥရောပကလပ်တွေနဲ့ ဆော်ဒီကလပ်တွေက အပြင်းအထန် စိတ်ဝင်စားနေကြတာကြောင့် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။
The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက သူရှိနေခဲ့တဲ့ ဒီအသင်းမှာပဲ ဆက်နေချင်ပေမဲ့ အချက် ၂ ချက် ပြည့်စုံမှသာ ဆက်နေမှာ ဖြစ်ပါတယ်။ ပထမအချက်ကတော့ အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ လက်ရှိ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ပဲ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ မိုက်ကယ်ကာရစ်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် လူသိရှင်ကြားရော၊ သီးသန့်ပါ အထင်ကြီးနေပြီး ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် အခွင့်အရေးပေးစေချင်နေတယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။