The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ဆွေးနွေးမှုတွေရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကို ဟာလန်းရဲ့အေးဂျင့် ငြင်းဆို

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဘာစီလိုနာအသင်း ဥက္ကဌလောင်းတစ်ဦးဟာ မန်စီးတီးရဲ့ စူပါစတား အာလင်းဟာလန်းကို ခေါ်ယူဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းမှာတော့ ဘာစီလိုနာ ဥက္ကဌလောင်း ဗစ်တာဖောင့်ဟာ သူသာ ဥက္ကဌအဖြစ် ရွေးကောက်ခံရမယ်ဆိုရင် အာလင်းဟာလန်းကို ဘာစီလိုနာဆီ ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးရရှိစေမယ့် တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ အသင်းဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဂျိုအန်လာပေါ်တာကို ယှဉ်ပြိုင်ဖို့အတွက် အားကောင်းတဲ့ မဲဆွယ်မှုတစ်ခု ဖြစ်လာနိုင်ပေမဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူ ရာဖေးလာပီမန်တာက ဆက်သွယ်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ငြင်းဆိုလိုက်တာကြောင့် ဒီမျှော်လင့်ချက်တွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါတယ်။

"ကျွန်မ အကြိမ်ကြိမ် ပြောဖူးသလိုပါပဲ၊ ကျွန်မတို့ ဘာစီလိုနာအသင်းကို အများကြီး လေးစားသလို အားလည်းကျပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာစီလိုနာဘက်ကနေ အာလင်းဟာလန်းကို ဖြစ်စေ၊ သူ့ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ဖြစ်စေ ဘယ်လို ဆက်သွယ်မှုမျိုးမှ မရှိခဲ့ပါဘူး" လို့ နာမည်ကျော် ပေါ်တူဂီလူမျိုး အေးဂျင့်က El Chiringuito နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"ဒါ့အပြင် ဟာလန်းက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စာချုပ်သစ် ချုပ်ဆိုထားတာဖြစ်ပြီး မန်စီးတီးမှာလည်း အရမ်းပျော်နေပါတယ်။ အားလုံးကလည်း အဆင်ပြေနေတာမို့ မန်စီးတီးမှာ အခြေအနေတွေ အများကြီး ကောင်းမွန်နေတဲ့ အချိန်မှာ အပြောင်းအရွှေ့အကြောင်း ဆွေးနွေးဖို့ ဘာမှမရှိပါဘူး" လို့ သူမက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။