The network connection is lost.

Banner Image

ချီယေဆာရဲ့အနာဂတ်အတွက် အာမခံချက်အပြည့်ပေးထားတဲ့ အန်းစလော့

အိပ်မက်ဆိုးဆန်ဆန်အင်္ဂလန်မြေပွဲဦးထွက်ဘောလုံးရာသီကို ဖြတ်သန်းပြီးနောက် ချီယေဆာအတွက် အန်ဖီးလ်မှာ အနာဂတ်တစ်ခု ရှိနေပါတယ်လို့ အန်းစလော့က အာမခံပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဂျူဗင်တပ်စ်မှပြောင်းရွှေ့ရောက်ရှိလာတဲ့ အီတာလျံတောင်ပံကစားသမားက ပရီးမီးယားလိဂ်ဘီလူးကြီးအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ၊ ပွဲကစားချိန် ၄၀၃ မိနစ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေကလည်း ချီယေဆာရဲ့ပွဲဦးထွက်ရာသီကို အနှောင့်အယှက်ပေးခဲ့ပြီး လေးလနီးပါးကြာ အနားယူခဲ့ရပါတယ်။

လတ်တလောမှာ ချီယေဆာရဲ့အန်ဖီးလ်အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုများစွာထွက်ပေါ်လာပေမယ့် အန်းစလော့ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် သူ့ရဲ့အစီအမံတွေထဲမှာ အီတာလျံသားလည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လိမ့်မယ်လို့ အာမခံပေးလိုက်ပါတယ်။ ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက အားလပ်ရက်ကာလအတွင်း လီဗာပူးကစားသမားဘဝဒုတိယမြောက်ရာသီအတွက် ချီယေဆာ ဘာတွေလုပ်ရမလဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူထားနိုင်တဲ့နည်းပြက “ ဒီကလပ်အသင်းမှာ ချီယေဆာအတွက် အနာဂတ်တစ်ခု ရှိသေးလား? သေချာပေါက် သူ့မှာ ရှိပါတယ်။ အခုပထမရာသီဝက်မှာ ကြုံတွေ့ခဲ့သလိုမျိုးမဟုတ်ဘဲ လာမယ့်ဘောလုံးရာသီမှာ သူသာ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာနိုင်မယ်ဆိုရင် ရာသီကြိုမှာကတည်းက သူ့အတွက် ပွဲကစားချိန်တွေကို ကျွန်တော် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ တည်ဆောက်ပြီး ဒီထက်ပိုတိုးတက်လာဖို့ ကြိုးစားရပါလိမ့်မယ်။

သူ ရောက်ရှိလာတဲ့အချိန်မှာ အခြားကစားသမားတွေလို အံဝင်ခွင်ကျမဖြစ်ဘဲ အချိန်အတော်လေး ယူခဲ့ရပါတယ်။ ဒါက အစကနဦးကာလအတွက် အထောက်အကူမဖြစ်စေပါဘူး။ အခြားသူတွေအတွက်တော့ အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက် အပြောင်းအလဲပြုလုပ်ဖို့ အကြောင်းပြချက် များများစားစားမရှိပါဘူး။ ပြီးတော့ ဒါဝင်နူနက်ဇ်နဲ့ ဂျိုတာတို့သာ အဆင်ပြေပြေရှိနေမယ်ဆိုရင် သူ့အတွက် အသင်းမှာနေရာရရှိဖို့ဆိုတာ အခက်အခဲရှိပါတယ်။

ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့လိုစံနှုန်းမျိုးရှိနေတဲ့ ကလပ်အသင်းတစ်ခုအတွက် ကစားပေးဖို့ သူ့ဆီမှာ လုံလောက်တဲ့ကောင်းမွန်မှုမျိုး ရှိပါတယ်။ သူပိုင်ဆိုင်ထားတဲ့အရည်အသွေးအရ ဒီဘောလုံးအသင်းပဲဖြစ်ဖြစ်၊ သူကစားပေးနေတဲ့ကလပ်အသင်းပဲဖြစ်ဖြစ် ပွဲကစားချိန်ပိုမိုရရှိဖို့ ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။ အင်္ဂလန်ချန်ပီယံအသစ်စက်စက်တွေက လာမယ့်တနင်္လာနေ့မှာ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါလိမ့်မယ်။