The network connection is lost.

Banner Image

နိုင်ပွဲအပြီး လီဗာပူးအသင်းပွဲထွက်လူစာရင်းနဲ့ပတ်သက်လို့ တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဂလက်စ်နာ

ခရစ္စတယ်ပဲလေ့စ်က အပြောင်းအလဲတွေအများကြီးပြုလုပ်ထားတဲ့ လီဗာပူးကို အန်ဖီးလ်ကွင်း၊ ကာရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ အိုလီဗာဂလက်စ်နာက လီဗာပူးရဲ့အားနည်းလွန်းလှတဲ့ ပွဲထွက်လူစာရင်းကြောင့် ခရစ္စတယ်ပဲလေ့စ်အတွက် စိတ်အားတက်ကြွမှု မဖြစ်စေပါဘူးလို့ပြောဆိုရင်း ပရီးမီးယားလိဂ်ချန်ပီယံတွေကို ဒုက္ခများစေခဲ့ပါတယ်။

အခုပွဲစဉ်အပြီး အန်ဖီးလ်ကလပ်က ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းပိုင်းကို လီဗာပူးနည်းပြအန်းစလော့က အလုံးစုံပြောင်းလဲထားခဲ့ပါတယ်။ သူက လွန်ခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ ကာကက်ဇ်တစ်ဦးတည်းသာ ပွဲထွက်လူစာရင်းမှာ ပြန်လည်အသုံးပြုခဲ့ပြီး မိုဆာလက်၊ ဗန်ဒိုက်၊ ဖလော်ရီယန်ဝစ်ဇ်တို့ကို ပွဲနေ့လူစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲမစတင်ခင် ပွဲထွက်လူစာရင်းထွက်ရှိလာချိန် လီဗာပူးအသင်းကို လျှော့မတွက်ထားခဲ့ဘူးလို့ ဂလက်စ်နာက အခိုင်အမာပြောဆိုခဲ့ပြီး ဒါဟာ ပြိုင်ဘက်အသင်းအပေါ် မလေးစားရာရောက်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နည်းပြက “ ဒါဟာ အန်းစလော့ရဲ့ဆုံးဖြတ်ချက်သာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေ ဘာလုပ်နေသလဲဆိုတာ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ကစားသမားတွေကိုလည်း ဒါဟာ သူတို့ရဲ့ကစားသမားအားလုံးကို မလေးမစားပြုလုပ်ရာရောက်တယ်လို့ ပြောပြခဲ့ပါတယ်။ 

အင်္ဂလန်အတွက် ကစားပေးရင်း ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ဂျိုးဂိုးမက်ဇ်ကို မြင်တွေ့ခဲ့ပြီးပါပြီ။ အန်ဒိုလည်း အလားတူပါပဲ။ ဂျပန်လက်ရွေးစင်အသင်းအတွက် အန်ဒို ဘယ်လောက်များများပါဝင်ကစားထားသလဲဆိုတာ ကျွန်တော် မသိပါဘူး။ မက်အယ်လစ္စတာကိုလည်း ကမ္ဘာ့ချန်ပီယံတစ်ဦးအဖြစ် မြင်တွေ့ခဲ့ပြီးပါပြီ။ ကာကက်ဇ်ဆိုလည်း ပေါင်သန်း ၄၀ အထိ တန်ကြေးရှိပါတယ်။ ချီယေဆာက အီတလီလက်ရွေးစင်ဖြစ်ပြီး အန်ဂူမိုဟာကိုယ်တိုင်လည်း ပရီးမီးယားလိဂ်မှာ ဂိုးတွေသွင်းယူနိုင်တယ်ဆိုတာ သက်သေပြထားပါတယ်။

ဒါဟာ အသင်းကောင်းတစ်ခုဖြစ်ပြီး အဲ့ဒီကစားသမားတိုင်းက လီဗာပူးရဲ့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် လီဗာပူးအသင်းလူစာရင်းမှာပါဝင်နိုင်မယ့် အရည်အသွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အတောင့်တင်းဆုံးအသင်းတစ်ခု မဟုတ်ရင်တောင် အရမ်းကောင်းတဲ့လီဗာပူးအသင်းအဖြစ် ရှိနေဆဲပါပဲ”လို့ ပြောပါတယ်။