ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းအဝတ်လဲခန်းအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ချီယေဆာ
ပြီးခဲ့တဲ့စနေနေ့၊ ဘရန့်ဖို့ဒ်ကို မရှုမလှရှုံးနိမ့်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ အဝတ်လဲခန်းတစ်ခုအတွင်း ဘယ်သူမှ စကားမပြောနိုင်ကြဘူးလို့ လီဗာပူးတိုက်စစ်မှူးချီယေဆာက ဖွင့်ဟလာခဲ့ပြီး မကြာခင်မှာ အကောင်းဆုံးပုံစံဆီ ကြိုးကြာနီတွေ ပြန်ရောက်ရှိသွားလိမ့်မယ်လို့ အားပေးထောက်ခံခဲ့ပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲမှာ ငါးပွဲအထိ ရှုံးနိမ့်ထားတဲ့ အန်းစလော့ရဲ့အသင်းက ဒီညမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။ ခရစ္စတယ်ပဲလေ့စ်ဆိုတာလည်း လီဗာပူးကို အခုရာသီ၊ ကွန်မြူနတီဒိုင်းပွဲစဉ်နဲ့ ပရီမီးယားလိဂ်ပွဲစဉ်တွေမှာ အနိုင်ယူထားတဲ့ ကလပ်အသင်းဖြစ်ပါတယ်။
ချီယေဆာက “ ဘယ်သူမှ စကားမပြောနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတာ လူတိုင်းလည်း သိကြပါတယ်။ တခါတလေ လက်ရှိအခြေအနေအကြောင်း ပြောစရာမလိုပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာ သိကြပါတယ်။ ကိုယ်တိုင်လည်း ဘယ်အပိုင်းမှာ ပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာတွေးတောဖို့ လိုအပ်နေလို့ စကားမပြောကြတာဖြစ်မယ်လို့ ထင်ပါတယ်။
များသောအားဖြင့် အခုလိုအခြေအနေမျိုးမှာ ကိုယ့်စိတ်ထဲ ပထမဆုံးပေါ်လာတဲ့အရာက ပိုပြီးပေးဆပ်ဖို့နဲ့ ပိုပြီးကြိုးစားလေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲကို လူတိုင်းလိုလားနေလို့ အခုလို စကားမပြောနိုင်ကြတာလည်း ကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ လူတိုင်းလည်း ဒီအခြေအနေကို ပြောင်းလဲချင်ကြပါတယ်”လို့ ပြောပါတယ်။
ဂျူဗင်တပ်စ်မှ ပေါင် ၁၀ သန်းတန်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချီယေဆာက ၁၀၄ မိနစ်သာ ကစားခဲ့ပါတယ်။ ဒါပေမဲ့ ယူရို-၂၀၂၀ ကြယ်ပွင့်ဟောင်းက အခုဘောလုံးရာသီမှာတော့ အသင်းအတွက် ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ သူကိုယ်တိုင်ကလည်း ယမန်နှစ်ဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ပါဝင်ကစားဖို့ အဆင်သင့် မဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောဆိုပါတယ်။
ချီယေဆာက “ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်ရဲ့ကြံ့ခိုင်မှုပိုင်းက လုံလောက်တဲ့အဆင့်အတန်းမျိုးမှာ မရှိနေပါဘူး။ စိတ်ပိုင်းဆိုင်ရာအရလည်း အဆင်သင့်မဖြစ်ခဲ့သလို ပွဲကစားခွင့်လည်း မရရှိခဲ့ပါဘူး။ အခြားအသင်းဖော်တွေလို အဆင်သင့်မဖြစ်သေးလို့ ပွဲကစားချိန်နည်းပါးခဲ့တာလည်း ကျွန်တော့်အတွက် လုံးဝအဆင်ပြေပါတယ်။
ဒီနှစ်မှာတော့ ကျွန်တော်က ရုပ်ဆိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပိုကောင်းလာတယ်လို့ ခံစားမိပါတယ်။ ကျွန်တော့်အတွက် ပွဲကစားချိန်တွေ ပိုရလာခဲ့ပြီး ပိုကောင်းတဲ့အဆင့်ဆီရောက်ရှိဖို့ ပွဲကစားချိန်တွေ ပိုမိုလိုအပ်နေဆဲပါပဲ။ ယူရိုမှာ ချန်ပီယံဖြစ်ချိန်တုန်းကလည်း ကျွန်တော်က ပွဲချိန်တွေ အများကြီးကစားခဲ့ပါတယ်။
အခုတော့ ကျွန်တော်က မတူညီတဲ့ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဦးတည်ချက်ကို ကြိုက်ပါတယ်။ ကျွန်တော့်ရဲ့ကစားပုံကဏ္ဍအတော်များများမှာ မြန်နှုန်းအနည်းငယ်ဆုံးရှုံးသွားတာမှလွဲလို့ တိုးတက်လာမှုတွေကို ကြိုက်ပါတယ်။ လက်ရှိအခိုက်အတန့်မှာ ကိုယ်လုပ်နေတဲ့အရာတွေအတွက် ကျေနပ်မိပါတယ်။ အသင်းအတွက် နိုင်ပွဲပျောက်နေတဲ့အခြေအနေမျိုးမှာတော့ ကျွန်တော် မပျော်ရွှင်မိပါဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့ ကျွန်တော်က အသင်းအတွက်၊ ပရိသတ်တွေအတွက် အများကြီးပေးဆပ်နေတယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ အောင်ပွဲတွေရရှိဖို့အတွက် အခုအတိုင်းပဲ ဆက်လုပ်သွားချင်ပါတယ်။
ဒါကြောင့်ပဲ အခုလိုမျိုး ကျွန်တော် ကြိုးစားနေတာပါ။ ဒီအသင်းမှာ ကျွန်တော် ဆက်ရှိချင်ပြီး အသင်းအတွက် နိုင်ပွဲတွေ ရယူပေးချင်ပါတယ်”လို့ ပြောပါတယ်။ အခုညပွဲစဉ်အတွက် အန်းစလော့က အသင်းရဲ့တတိယဂိုးသမားဝုဒ်မန်းကို ပွဲထွက်ခွင့်ပေးခြင်းနဲ့အတူ အပြောင်းအလဲများစွာ ပြုလုပ်လာနိုင်ပါတယ်။ အခြားအကယ်ဒမီကြယ်ပွင့်များစွာကို အရန်ခုံတန်းမှာ နေရာပေးမှုနဲ့အတူ အန်ယိုနီ၊ အန်ဂူမိုဟာတို့လို လူငယ်ကစားသမားလေးတွေကိုလည်း ပွဲထွက်ခွင့်အတွက် စီမံပေးဖွယ် ရှိပါတယ်။