
နီကိုလက်စ်ဂျက်ဆန်ကို အသင်းမှာဆက်ထားမယ်လို့ အာမ မခံနိုင်ကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်ရဲ့အနာဂတ်ဟာ ဘာမဆိုဖြစ်သွားနိုင်ကြောင်းနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ အာမ မခံနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးဟာ တိုက်စစ်မှူးသစ် ၂ ဦးဖြစ်တဲ့ ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ်တို့ကို ခေါ်ယူထားခဲ့တာကြောင့် ခြေစွမ်းပြသဖို့ရုန်းကန်နေရတဲ့ ဂျက်ဆန်အနေနဲ့ လာမယ့်ရာသီမှာ ပုံမှန်နေရာရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာပဲ ဆီနီဂေါလက်ရွေးစင်ကို ရောင်းထုတ်နိုင်ချေရှိတယ်လို့ ယူဆရပါတယ်။ ယခုအခါမှာ နည်းပြမာရက်စ်ကာကို ဂျက်ဆန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း အီတလီသားက "ဂျက်ဆန်က အဆင်ပြေပါတယ်။ အပြောင်းအရွှေ့ကာလအတွင်းမှာတော့ ကံကောင်းတာရော၊ ကံဆိုးတာရော ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒီလို အခြေအနေတွေထဲမှာ ဂျက်ဆန်ကလည်း တစ်ယောက်အပါအဝင်ပါ။ လောလောဆယ် အသင်းမှာက တိုက်စစ်မှူးသစ် ၂ ဦးထပ်ရောက်လာပါတယ်။ ဂျာအိုပက်ဒရိုနဲ့၊ လီယမ်ဒီလပ်တို့ပါ။ ဒါကြောင့် ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့စောင့်ကြည့်သွားရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ နောက်ခံလူ လီဗိုင်ကိုဝဲလ်အနေနဲ့လည်း အနားယူဖို့ အချိန်လိုအပ်တာကြောင့်အသင်းရဲ့ ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားနိုင်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ မကြာသေးမီကကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ဗိုလ်စွဲထားခဲ့တဲ့ ချဲလ်ဆီးအနေနဲ့ လာမယ့်စနေနေ့မှာတော့ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံသွားပါမယ်။