The network connection is lost.

Banner Image

နွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည့် အန်ဇိုဖာနန်ဒက်စ်၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၀၆ သန်းကျော်အထိ ရှိနိုင်ကြောင်း သိရ

နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ်ရဲ့ အသင်းမှာရှိနေတဲ့ အနာဂတ်ဟာ အဆုံးသတ်တော့မယ့်ပုံ ပေါ်နေပါတယ်။

ဖာနန်ဒက်စ်ဟာ BlueCo ပိုင်ရှင်သစ်တွေရဲ့ ပထမဆုံး အဓိက ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ဘရိုက်တန်အသင်းကနေ ပေါင် ၁၀၇ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဟာ အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားကာ ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရပြီးနောက်မှာတော့ ဒီအာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ နွေရာသီမှာ အသင်းပြောင်းနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာကြောင့် သူ့ကို တခြားအသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း ဒီအပတ် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

နောက်ရာသီမှာ အသင်းမှာ ဆက်ရှိနေမလားဆိုတဲ့ ESPN ရဲ့ မေးမြန်းမှုကို အန်ဇိုက "ကျွန်တော်လည်း မသိသေးပါဘူး၊ လောလောဆယ် ကစားဖို့ ရှစ်ပွဲနဲ့ FA ဖလားပွဲစဉ်တွေ ကျန်ပါသေးတယ်။ ကမ္ဘာ့ဖလားလည်း ရှိသေးတာဆိုတော့ အဲ့ဒါတွေပြီးမှပဲ ကြည့်ကြတာပေါ့။ ကျွန်တော် ချဲလ်ဆီးကို ရောက်ကတည်းက အခုလို အခြေအနေမျိုးတွေကို ကြုံခဲ့ဖူးပါတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ ပြန်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက FA ဖလားရဖို့နဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဖို့ပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။

GOAL သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ဒီကွင်းလယ်ဖန်တီးရှင်ဆီကနေ အမြတ်ရဖို့ ရည်ရွယ်ထားတာကြောင့် သူ့ကို ခေါ်ယူစဉ်က ပေးခဲ့ရတဲ့ ပေါင် ၁၀၆.၈ သန်းထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပေးထားပြီး ၁၂ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးထားတဲ့ ဖာနန်ဒက်စ်ကို ဆုံးရှုံးရမှာက နည်းပြ လီယမ် ရိုဆင်နီယာအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် အဆိုပါ အင်္ဂလန်လူမျိုးနည်းပြအပေါ် ဖိအားတွေ များနေတဲ့အချိန်မှာ အန်ဇိုလို ကစားသမားမျိုးကို လက်လွှတ်ရမှာက ပိုပြီး ထိခိုက်စေနိုင်ပါတယ်။