ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန် ဒဏ်ရာကြောင့် သီတင်းပတ်အတော်ကြာ အနားယူရမယ့် ဘာကိုလာ
ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဘာကိုလာက လာမယ့်ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ဘောလုံးကစားနိုင်ဖို့ မရှိသေးပါဘူး။
ဒါက ရရှိလာတဲ့အောင်ပွဲအတွက် အနည်းငယ်စိတ်ပျက်စရာအခြေအနေ ဖြစ်သွားစေခဲ့ပါတယ်။ မနေ့ညပိုင်းပွဲစဉ်မှာ ပီအက်စ်ဂျီက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်တွေကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းသွားပါတယ်။
အဲဒီပွဲစဉ်မှာပဲ ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာတဲ့ ဘာကိုလာက ပွဲချိန် ၁၄ မိနစ်မှာတင် အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ ပွဲချိန်တစ်နာရီဝန်းကျင်မှာတော့ ပြင်သစ်လက်ရွေးစင်ကစားသမား သိသိသာသာ ဒဏ်ရာရရှိသွားပြီး သူ့နေရာမှာ ဒူအီကို လူစားလဲလှယ်ခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ဆေးစစ်ချက်ထုတ်ပြန်မှုမှာ ဒဏ်ရာအခြေအနေကို အတည်ပြုပေးခဲ့ပြီး သတင်းတွေကတော့ အားတက်စရာ မကောင်းလှပါဘူး။
"မနေ့ညပိုင်း၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဘာကိုလာက ညာခြေကျင်းဝတ်အရွတ် ပြင်ပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး လာမယ့်သီတင်းပတ်အနည်းငယ်အထိ အနားယူသွားရပါမယ်" လို့ ဖော်ပြထားပါတယ်။
ဘယ်လောက်အထိ အနားယူရမလဲဆိုတဲ့ အချိန်အတိအကျကို မပြောထားသေးပေမဲ့ ဘာကိုလာအတွက် လာမယ့်ပြင်သစ်လက်ရွေးစင်အသင်းရဲ့စုစည်းမှုမှ သေချာပေါက်ဖယ်ရှားခံသွားရပါလိမ့်မယ်။ မကြာမီအချိန်ပိုင်းအတွင်း နည်းပြဒက်စ်ချမ့်စ်ရဲ့လူစာရင်းကြေညာချက် ထွက်ပေါ်လာပါလိမ့်မယ်။