The network connection is lost.

Banner Image

အာဖရိကဖလားချန်ပီယံဆုရုပ်သိမ်းမှုကို ဆီနီဂေါအစိုးရ ပြင်းပြင်းထန်ထန်တုံ့ပြန်

ဆီနီဂေါအစိုးရက သူတို့ရဲ့အောင်ပွဲရလဒ်ကို အကြောင်းမဲ့သိမ်းပိုက်ရန် ကြိုးပမ်းမှုကို လုံးဝလက်မခံဘဲ ပယ်ချလိုက်ပြီး မော်ရိုကိုအသင်းကို အာဖရိကဖလားချန်ပီယံအဖြစ် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)ကိုယ်တို်င သတ်မှတ်ပေးခြင်းအပေါ် "လာဘ်ပေးလာဘ်ယူမှု ရှိနိုင်သည်" ဟု သံသယရှိနေကာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် တောင်းဆိုထားလိုက်ပါတယ်။

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ အငြင်းပွားဖွယ်ရာဗိုလ်လုပွဲနဲ့ပတ်သက်ပြီး CAF က အခုသီတင်းပတ်အတွင်းမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပုံမှန်ပွဲကစားချိန်ပြီးဆုံးဖို့ မိနစ်ပိုင်းအလို မော်ရိုကိုအသင်းအတွက် ပယ်နယ်တီကန်ခွင့်ပေးလိုက်လို့ ဆီနီဂေါကစားသမားတွေ ကွင်းတွင်းမှ ၁၅ မိနစ်ကြာ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆီနီဂေါအသင်း ကွင်းတွင်းပြန်ဝင်ရောက်လာပြီး မော်ရိုကိုကစားသမားဘရာဟင်ဒီယက်ဇ်ရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သလို အချိန်ပိုမှာ အနိုင်ဂိုးတွေ သွင်းယူပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဆီနီဂေါအစိုးရရဲ့ထုတ်ပြန်ချက်မှာ "အတိတ်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ဆိုးရွားလှတဲ့ ဒီဆုံးဖြတ်ချက်"က စည်းမျဉ်းစည်းကမ်းတွေကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုရာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး "ဥပဒေနဲ့ လုံးဝမညီညွတ်ဘဲ အလွန်မတရားသော ဆုံးဖြတ်ချက်" ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆီနီဂေါက ဒီအောင်ပွဲရလဒ်ကို အကြောင်းမဲ့ဖယ်ရှားရန်ကြိုးပမ်းနေမှုကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့လည်း ဆိုထားပါတယ်။

တစ်ဖက်မှာလည်း မော်ရိုကိုဘောလုံးအဖွဲ့ချုပ်(FRMF)က ဗုဒ္ဓဟူးနေ့၊ထုတ်ပြန်ချက်တစ်ခုနဲ့အတူ CAF ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ အခုဆုံးဖြတ်ချက်က နိုင်ငံတကာပြိုင်ပွဲများ ကောင်းမွန်စွာလည်ပတ်နိုင်ရန် လိုအပ်တဲ့စည်းမျဉ်းတွေကို လေးစားလိုက်နာခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အခုဆုံးဖြတ်ချက်က အနာဂတ်မှာ အလားတူအခြေအနေမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် လုပ်ဆောင်ရမယ့်မူဘောင်တွေကို ရှင်းလင်းပြတ်သားသွားစေပြီး အာဖရိကဘောလုံးလောက အပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုကို အထောက်အကူပြုစေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့သည်။

"စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ယှဉ်ပြိုင်ကစားပြီး အနိုင်ရခဲ့တဲ့ ပွဲရလဒ်တစ်ခုကို ပြန်ပြီး မေးခွန်းထုတ်နေတယ်ဆိုတာက CAF ကိုယ်တိုင် သူတို့အပေါ်ယုံကြည်စိတ်ချရမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့လုပ်ရပ်မျိုး ဖြစ်ပါတယ်" ဟု ဆီနီဂေါအစိုးရပြောရေးဆိုခွင့်ရှိသူ မာရီရို့စ်ခါဒီဖာတူးဖေးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ သူမက ဒီလိုမတရားသိမ်းပိုက်မှုကို ဆီနီဂေါဘက်မှ အပြင်းအထန်ကန့်ကွက်သလို CAF အုပ်ချုပ်ရေးအဖွဲ့များအတွင်း ရှိနေနိုင်သော လာဘ်ပေးလာဘ်ယူမှုသံသယတွေနဲ့ပတ်သက်လို့ "လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု" ပြုလုပ်ပေးသွားရန် တောင်းဆိုခဲ့ပါတယ်။

တူးဖေးရဲ့ထုတ်ပြန်ချက်မှာ ဒီကိစ္စကို "ဥပဒေနှင့် လုံးဝမညီဘဲ အလွန်ပင် မတရားသော ဆုံးဖြတ်ချက်" ဖြစ်တယ်လို့လည်း ထပ်လောင်းဖော်ပြခဲ့ပါတယ်။ ဆီနီဂေါနိုင်ငံဘက်မှလည်း တရားမျှတမှုရရှိစေရန်နှင့် အားကစားကွင်းအတွင်း ရရှိလာသည့် အနိုင်ရလဒ်ကို ပြန်လည်အတည်ပြုနိုင်ရန်အတွက် နိုင်ငံတကာတရားရုံးများ အပါအဝင် သက်ဆိုင်ရာဥပဒေလမ်းကြောင်းအားလုံးမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။