
သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းအကြောင်း ဘယ်သူမှ အသေးစိတ်မသိကြပါဘူးလို့ ဆိုလိုက်တဲ့ အီဆက်ခ်
အီဆက်ခ်က နယူးကာဆယ်မှ လီဗာပူးဆီ ပြောင်းရွှေ့ရောက်ရှိလာတဲ့ သူ့ရဲ့ဇာတ်လမ်းနဲ့ပတ်သက်လို့ အသေးစိတ်သိရှိထားသူ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။အီဆက်ခ်က အသင်းပြောင်းရွှေ့ခွင့်ရရှိဖို့ နယူးကာဆယ်နဲ့အပြိုင် ကာလရှည်တိုက်ပွဲဝင်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ လီဗာပူးဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၂၅ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။
သူက နယူးကာဆယ်အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာလည်း မပါဝင်ခဲ့ပါဘူး။ သြဂုတ်လအတွင်းမှာတော့ အီဆက်ခ်က ကတိကဝတ်တွေ ချိုးဖောက်ခံရပြီး နယူးကာဆယ်အပေါ်ထားရှိတဲ့ ယုံကြည်မှု ဆုံးရှုံးသွားခဲ့ပြီလို့ ထုတ်ပြန်လာခဲ့ပါတယ်။ အခုသီတင်းပတ်အတွင်း နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ ဆွီဒင်အသင်းနဲ့အတူ ရှိနေချိန် အီဆက်ခ်က သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းအသေးစိတ်အကြောင်းအရာအစုံကို လူတိုင်း မသိကြပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆွီဒင်ပြည်တွင်းသတင်းမီဒီယာတစ်ခုနဲ့တွေ့ဆုံချိန် အီဆက်ခ်က “ ဒီဇာတ်လမ်းအသေးစိတ်ကို လူတိုင်း မသိကြပါဘူး။ ဒါပေမဲ့ အချိန်တစ်ခုရောက်ရှိလာရင်တော့ အသေးစိတ်အကြောင်းအရာတွေကို သိလာကြပါလိမ့်မယ်။ ဒါက ဘောလုံးလောကရဲ့တစိတ်တပိုင်းပါပဲ။ အခုလတ်တလော ပြောနေဆိုနေရေးသားနေကြတဲ့အရာတွေကို ကျွန်တော် မထိန်းချုပ်နိုင်ပေမယ့် လီဗာပူးကစားသမားတစ်ဦးဖြစ်လာရလို့ ဝမ်းသာမိပါတယ်။ ဒါကိုပဲ ကျွန်တော် အလိုရှိခဲ့ပြီး ဒီအတွက်လည်း ကျေနပ်အားရမိပါတယ်။
ဆွေးနွေးစရာတွေ အများကြီးရှိနေလို့ အချိန်အကြာကြီးပေးပြီး ဆွေးနွေးရနိုင်ပါတယ်။ ပညာပေးမှုတွေလည်း လုပ်ခဲ့ပြီး နောက်ဆုံးရလဒ်အတွက် ပျော်ရွှင်မိပါတယ်။ လီဗာပူးကစားသမားတစ်ဦးဖြစ်လာရလို့ ဂုဏ်ယူမိပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသေးစိတ်မပြောချင်တော့ပါဘူး။ ဒါက ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ အခန်းကဏ္ဍတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။