ဘာစီလိုနာရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် မန်စီးတီးကနေ ထွက်ခွာဖို့ဆွေးနွေးမှာမဟုတ်တဲ့ ဟာလန်း
ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေးလာ ပီမန်တာက ဘာစီလိုနာအသင်းနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပေမဲ့လည်း မန်စီးတီးကနေ ထွက်ခွာနိုင်ခြေရှိတဲ့အပေါ် ဆွေးနွေးနေဖို့ အကြောင်းပြချက် မရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာပါ။
စပိန်နိုင်ငံက လာတဲ့ သတင်းတွေမှာတော့ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေ ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပေမဲ့လည်း အသက် ၂၅ နှစ်အရွယ် ဟာလန်းကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး အမြဲတမ်း ဆက်စပ်ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီကတင် မန်စီးတီးအသင်းနဲ့ စံချိန်တင် ၁၀ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အေးဂျင့်ဖြစ်သူကလည်း "စီးတီးမှာ အရာအားလုံး အဆင်ပြေနေပါတယ်" လို့ အခိုင်အမာ ဆိုပါတယ်။
ESPN နဲ့ အင်တာဗျူးမှာတော့ ပီမန်တာက မန်ချက်စတာစီးတီးဟာ စကားပြောဆို ညှိနှိုင်းရ အခက်ခဲဆုံး ကလပ်အသင်းဖြစ်တယ်လို့ အခုလို ပြောပြခဲ့ပါတယ်။
"သူတို့က အရမ်းကို တည်ငြိမ်ပြီး စနစ်တကျ ရှိကြပါတယ်။ ကြီးကျယ်တဲ့ အသင်းကြီးတစ်သင်းလည်း ဖြစ်တယ်။ သူတို့ ဘာလုပ်နေလဲဆိုတာ သူတို့ သိကြတယ်၊ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်၊ သူတို့မှာ အရာအားလုံး ရှိနေပြီးသားဖြစ်လို့ ဘာကိုမှ သိပ်ပြီး လိုအပ်မနေပါဘူး။ ဒါကြောင့် ကျွန်မတို့ဘက်က ညှိနှိုင်းဖို့ အားသာချက် သိပ်မရှိဘူးပေါ့" လို့ သူမက ဆိုပါတယ်။
အဲဒီနောက်မှာတော့ ဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ပီမန်တာက "အရာအားလုံးက သူ့အတွက် အရမ်းကို အဆင်ပြေနေပါတယ်။ စီးတီးမှာ အစစအရာရာ ကောင်းမွန်နေတဲ့ အချိန်မှာတော့ အသင်းပြောင်းရွှေ့ဖို့အကြောင်း ကျွန်မတို့ တကယ်ပဲ ဆွေးနွေးစရာ မရှိပါဘူး" လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။