The network connection is lost.

Banner Image

လီဗာပူးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီဆက်ခ်အတွက် ဗန်ဒိုက် ဝမ်းသာပီတိဖြစ်နေ

စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အီဆက်ခ်ဂိုးသွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က အသင်းဖော်အတွက် အလွန်ဝမ်းသာဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကဆွီဒင်တိုက်စစ်မှူးအတွက် ဒီဇင်ဘာလနောက်ပိုင်း၊ ပရီးမီးယားလိဂ်ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။

"တိုက်စစ်မှူးတစ်ဦးအဖြစ် အီဆက်ခ် ဂိုးတွေသွင်းနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။ သူသွင်းယူခဲ့တဲ့ဂိုးကလည်း တကယ့်ကို ကောင်းမွန်လွန်းပါတယ်" လို့ ဗန်ဒိုက်က ဆိုပါတယ်။

"သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပြောရရင်တော့ သူ ဘယ်လောက်တောင်ထူးချွန်သလဲဆိုတာကို အသင်းဖော်တွေအားလုံး သိကြသလို မြင်လည်းမြင်ဖူးကြပါတယ်။ အခု ပွဲတွေဆက်တိုက်ကစားဖို့နဲ့ ယုံကြည်မှုရလာဖို့ပဲ လိုအပ်တာပါ။ ဒါပေမဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်နေတဲ့သူ့အတွက် ဂိုးသွင်းယူနိုင်ခြင်းကတော့ အဓိကတွန်းအားတစ်ခု ဖြစ်လာပါလိမ့်မယ်"

"သူ့အတွက် ကျွန်တော် စိုးရိမ်ပူပန်တာမျိုး လုံး၀မရှိပါဘူး။ သူ့ဆီမှ ဂိုးတွေအပြင် တခြားသောအရာတွေကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူကလည်း အသင်းအတွက် အဲဒါတွေကို ပေးစွမ်းနိုင်ပါတယ်။ အခုလိုပဲ ဆက်လက်ကြိုးစားသွားဖို့၊ ကြံ့ခိုင်မှုရှိနေဖို့နဲ့ အသင်းအတွက် အရေးပါသူတစ်ဦးအဖြစ် ဆက်ရှိနေဖို့ပဲ လိုပါတယ်။ သူလည်း အသင်းအတွက် အရေးပါသူတစ်ဦး ဖြစ်လာနိုင်သလို အခုလည်း ဖြစ်နေပါပြီ" လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ကပဲ "သူဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်နှစ်က တကယ့်ကို ခက်ခဲခဲ့တယ်လို့ ပြောမယ်ဆိုရင် နည်းတောင်နည်းပါသေးတယ်။ သူကိုယ်တိုင်ဆိုရင် ပိုပြီးတော့ ရှင်းပြနိုင်ပါလိမ့်မယ်။ သူရခဲ့တဲ့ ဒဏ်ရာတွေနဲ့ အချိန်အခါတွေက တကယ့်ကို ကံဆိုးလွန်းခဲ့ပါတယ်" လို့ ဆိုပါတယ်။

"ဒါပေမဲ့ အခုတော့ သူ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သလို သူဘာတွေလုပ်ပြနိုင်လဲဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါကို သူက လေ့ကျင့်ရေးကွင်းမှာရော ပွဲတွေထဲမှာပါ သက်သေပြနေပါပြီ။ ဒီခြေစွမ်းမျိုးကို ဆက်ထိန်းထားဖို့ဆိုတာ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာလည်း အခုလိုပဲ ခြေစွမ်းဆက်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့အသင်းတွေက (ဗန်ဒိုက်ရဲ့ နယ်သာလန်နဲ့ အိုက်ဆက်ရဲ့ ဆွီဒင်) အချင်းချင်းရင်ဆိုင်ကစားရဖို့ရှိလို့ အဲဒီကျရင်တော့ သူ နည်းနည်းလောက် လျှော့ကစားပေးရင် ပိုကောင်းပါမယ်" လို့ ဗန်ဒိုက်က အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့အားလုံး သူ့အတွက် ဝမ်းသာနေပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအပေါ်မှာလည်း ကျေနပ်မိသလို ရှေ့ဆက်ပြီးတော့လည်း အားလုံးအဆင်ပြေသွားမယ်လို့ အပြည့်အဝယုံကြည်ပါတယ်" လို့ ဗန်ဒိုက်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။