ဘာစီလိုနာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီကို ခေါ်ယူဖို့ လီဗာပူးအသင်းက ပေါင် ၆၉ သန်းအထိ အသုံးပြုပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေ
လာမယ့်နွေရာသီမှာ ဘာစီလိုနာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီကို ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းက ပေါင် ၆၉ သန်းအထိရှိတဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂျူးလက်စ်ကွန်ဒီဟာ ဒီရာသီ နည်းပြ ဟန်ဆီဖလစ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး လာလီဂါပွဲစဉ် ၂၈ ပွဲမှာ ၂၂ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူဖို့အတွက် အသုံးပြုမယ့် ရန်ပုံငွေလိုအပ်နေတာကြောင့် အခုနွေရာသီမှာ အဆိုပါ ညာနောက်ခံလူကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပါတယ်။
ကတ်တလန်အခြေစိုက် El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဂျူးလက်စ်ကွန်ဒီကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်လာဖို့ အလွန်စိတ်ဝင်စားနေပြီး ပေါင် ၆၉ သန်းအထိရှိတဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။
အသင်းအနေနဲ့ ဒီနွေရာသီမှာ ကစားသမားတချို့ကို မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုတာကို နားလည်ထားတဲ့ နည်းပြ ဖလစ်ကိုယ်တိုင်ကလည်း ဂျူးလက်စ်ကွန်ဒီကို ရောင်းချဖို့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။