The network connection is lost.

Banner Image

ဘောလုံးလောကရဲ့အထူးဆန်းဆုံးမှတ်တမ်းတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားတဲ့ အီတလီ

ဂျပန်နဲ့ရင်ဆိုင်ရတဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းရဲ့ အားမရစရာခြေစွမ်းကို မြင်တွေ့ရပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဥရောပဇုန် Play-off မှတဆင့် တက်ရောက်လာမယ့် နောက်ဆုံးလေးသင်းစာရင်း ထွက်ပေါ်လာခဲ့ပါတယ်။

အခုတခေါက်မှာလည်း အီတလီက အခွင့်အရေးကောင်းနဲ့လွဲချော်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်လွဲချော်ခဲ့ပြီး တူရကီကတော့ ကိုဆိုဗိုကိုကျော်ဖြတ်ကာ ကမ္ဘာ့ဖလားဆီ အရောက်သွားနိုင်ခဲ့ပါတယ်။ ဒိန်းမတ်က ချက်ကို ရှုံးနိမ့်ခဲ့ပြီး ဆွီဒင်ကတော့ စတော့ဟုမ်းမှာ ပိုလန်ကို သည်းထိတ်ရင်ဖိုအနိုင်ကစားကာ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိသွားပါတယ်။

ပွဲစဉ်အလိုက်အခြေအနေတွေကတော့ အခုလို ဖြစ်ပါတယ်။

ဘော့စနီးယား ၁-၁ အီတလီ (ပင်နယ်တီ ၄-၁ ဖြင့် ဘော့စနီးယားနိုင်)
အီတလီကတော့ အမြဲတမ်း ခက်ခဲတဲ့လမ်းစဉ်ကိုပဲ ရွေးချယ်တတ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် အခုဆိုရင် သုံးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။ သူတို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်က ၂၀၀၆ ခုနှစ် ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဖြစ်နေလို့ တကယ့်ကို မယုံနိုင်စရာ အချက်အလက်တစ်ခု ဖြစ်နေပြန်ပါတယ်။

ဘော့စနီးယားနဲ့ပွဲစဉ်မှာ မွိုက်စ်ကိန်းက အီတလီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့လို့ အလွယ်တကူအနိုင်ရမယ်လို့ ထင်ခဲ့ကြပေမဲ့ အင်တာမီလန်နောက်ခံလူ ဘတ်စတိုနီရဲ့မှားယွင်းတဲ့ဖျက်ထုတ်မှုတစ်ခုကြောင့် အနီကတ်ပြစ်ဒဏ်နဲ့အတူ ကစားသမားတစ်ဦး ထုတ်ပယ်ခံရပြီး တကယ့်ကို ရုန်းကန်ခဲ့ရပါတယ်။ ဂိုးသမား ဒွန်နာရမ်မာနဲ့ နောက်ခံလူတွေက ဘော့စနီးယားရဲ့ တိုက်စစ်ကို တောင့်ခံထားနိုင်ခဲ့ပေမဲ့ ၇၉ မိနစ်မှာ တာဘာကိုဗစ်က ချေပဂိုးသွင်းခဲ့လို့ အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အီတလီက ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အက်စ်ပိုစီတိုက ပင်နယ်တီကို ကွင်းပြင်ထွက်အောင် ကန်ခဲ့သလို ခရစ်စတန်တီရဲ့ကန်ချက်ကလည်း ဂိုးဘားတန်းကို တိုက်မိခဲ့လို့ အီတလျံသားတွေ မျက်ရည်လည်ရွှဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး ဂတ်တူဆိုရဲ့အီတလီအသင်းက အဆိုးရွားဆုံး အခြေအနေတစ်ခုဆီ ရောက်ရှိသွားခဲ့သလို ဘော့စနီးယားအတွက်တော့ လွတ်လပ်ရေးရရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်နိုင်ပါပြီ။


ဆွီဒင် ၃-၂ ပိုလန်
ဂန်းနားတိုက်စစ်မှူးယောကရက်စ်က ဆွီဒင်ရဲ့သူရဲကောင်းသစ် ဖြစ်လာခဲ့ပါပြီ။ ဆွီဒင်က အဆင့်မြင့်တိုက်စစ်မှူးကောင်းတွေ မွေးထုတ်နိုင်တဲ့ အစဉ်အလာရှိပြီး အခုလည်း ယောကရက်စ်နဲ့အီဆက်ခ်တို့က ဆွီဒင်ကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ အုပ်စုအဆင့်မှာ ရမှတ် ၂ မှတ်တည်းနဲ့ အောက်ဆုံးမှာ ရှိခဲ့ပေမဲ့ နေရှင်းလိဂ်ပြိုင်ပွဲမှတဆင့် ရရှိလာတဲ့ ဒုတိယမြောက်အခွင့်အရေးကို သူတို့တွေ အမိအရအသုံးချနိုင်ခဲ့ပါတယ်။

ဆွီဒင်က Play-off ဆီမီးဖိုင်နယ်မှာ ယူကရိန်းကို အလွယ်တကူနိုင်ခဲ့ပေမဲ့ ပိုလန်နဲ့ပွဲမှာတော့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ယူကရိန်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးယောကရက်စ်ကပဲ ပွဲပြီးခါနီး ၈၈ မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့လို့ ဆွီဒင်ပရိသတ်တွေ အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံခဲ့ကြပါတယ်။ နည်းပြဂရေဟမ်ပေါ်အတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါပြီ။

ချက် ၂-၂ ဒိန်းမတ် (ပင်နယ်တီ ၃-၁ ဖြင့် ချက်နိုင်)
တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ ညချမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ချက်အသင်းက ပြီးခဲ့တဲ့သီတင်းပတ်မှာ အိုင်ယာလန်ကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာမှ ပင်နယ်တီဖြင့် အနိုင်ယူခဲ့သလို အခုလည်း ဒိန်းမတ်ကို ပင်နယ်တီနဲ့ပဲ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပေမဲ့ ပင်နယ်တီမှာတော့ ဒိန်းမတ်ကစားသမားတွေရဲ့ကန်ချက်တွေ ညံ့ဖျင်းခဲ့လို့ ချက်အသင်း အောင်ပွဲခံခဲ့ပါတယ်။

ကိုဆိုဗို ၀-၁ တူရကီ
တူရကီကတော့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရိုမေးနီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အခုအဝေးကွင်းပွဲစဉ်မှာလည်း ကိုဆိုဗိုကို တူညီတဲ့ရလဒ်နဲ့ ထပ်မံအနိုင်ယူခဲ့ပါတယ်။ ဘရိုက်တန်ကစားသမားကာဒီယိုဂလူက ရိုမေးနီးယားနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့သလို အခုပွဲစဉ်မှာလည်း ဖီနာဘာချီကစားသမား အာသာကိုဂလူက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ နည်းပြမွန်တဲလားရဲ့တူရကီအသင်းက အမေရိကန်၊ ပါရာဂွေး၊ သြစတြေးလျတို့ပါဝင်နေတဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ အုပ်စုဗိုလ်ဖြစ်သွားနိုင်တဲ့ အလားအလာကောင်းကို ပိုင်ဆိုင်နေပါတယ်။