ဘရိုက်တန်ကို အနိုင်ရပြီးနောက် နယူးကာဆယ်အတွက် "ဥရောပဝင်ခွင့်ဟာ အိပ်မက်ပါ" လို့ ဂူမာရေးစ် အခိုင်အမာဆို
စနေနေ့ (မေလ ၂ ရက်) က ဘရိုက်တန်အသင်းကို ၃-၁ ဂိုးနဲ့ အရေးပါတဲ့ အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ပြီးနောက်မှာ နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို ဂူမာရေးစ်က သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့်ရရှိဖို့ ဆက်လက်ရည်မှန်းထားဆဲဖြစ်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အခုနိုင်ပွဲကြောင့် နယူးကာဆယ်ဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့သလို နည်းပြ အက်ဒီဟောင်းအပေါ် ကျရောက်နေတဲ့ ဖိအားတွေကိုလည်း လျှော့ချပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အက်ဒီဟောင်းရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဆင့် (၇) နေရာနဲ့ ၅ မှတ်အကွာမှာ ရှိနေပြီး ဇယားအလယ်က အသင်း ၁၀ သင်းလောက်ဟာလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် အပြိုင်အဆိုင် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးရာမှာ အသက် ၂၈ နှစ်အရွယ် ဂူမာရေးစ်က ဥရောပဝင်ခွင့်ဟာ နယူးကာဆယ်အတွက် "အိပ်မက်တစ်ခု" ပါလို့ ဆိုပါတယ်။
"ခံစားချက်က တကယ်ကို ကောင်းပါတယ်။ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ဒီနေ့ပွဲဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ပွဲမစခင် အဝတ်လဲခန်းထဲကတည်းက သိထားကြပါတယ်။ ရမှတ်တွေက အရေးပါသလို ကျွန်တော်တို့ အိပ်မက်ကို ဆက်မက်ပြီး ဆက်လက်ယုံကြည်နေပါတယ်" လို့ သူက ပြောပါတယ်။
"ခက်ခဲတဲ့ပွဲတစ်ပွဲပါ၊ ဘရိုက်တန်က အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်တို့ ကြိုးစားခဲ့သမျှအတွက် ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာ သူတို့က ပိုကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ရမှတ် ၃ မှတ် အပြည့်အဝ ရယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်"
"ကျွန်တော်တို့က အောက်ကိုမကြည့်ဘဲ အပေါ်ကိုပဲ ကြည့်နေတာပါ။ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားနိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်လို့ ကျန်တဲ့ ၃ ပွဲလုံးကို အနိုင်ရဖို့ လိုပါတယ်" လို့လည်း သူက ဆိုပါတယ်။
ဒဏ်ရာကနေ ပြန်လာနိုင်တဲ့အပေါ်မှာတော့ ဂူမာရေးစ်က "၁၀ ပတ်လောက် အနားယူခဲ့ရပြီးနောက်မှာ အခုလို ပြန်ကစားနိုင်တာ တကယ်ကို ကောင်းပါတယ်။ ဒါဟာ ကျွန်တော့်ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ဒဏ်ရာအပြင်းစားပါ။ ကြံ့ခိုင်မှု အကောင်းဆုံးအခြေအနေ ပြန်ရောက်ဖို့ ကြိုးစားနေရတုန်းဖြစ်ပေမဲ့ ဒီနေ့မှာတော့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။