The network connection is lost.

Banner Image

ပဲလေ့စ်နဲ့ပွဲက အီဆက်ရဲ့ဂိုးက အဆင့်အတန်းမြင့်ပေမယ့် တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ အယ်လ်ဒရစ်ချ် ထောက်ပြ

စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အလက်ဇန္ဒား အီဆက် သွင်းယူခဲ့တဲ့ ဂိုးအပေါ် လီဗာပူးဂန္ထဝင် ဂျွန် အယ်လ်ဒရစ်ချ်က သဘောကျနေပါတယ်။ ဒါဟာ ဆွီဒင်တိုက်စစ်မှူးအတွက် ပရီမီယာလိဂ်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

အယ်လ်ဒရစ်ချ်က Liverpool Echo သတင်းစာမှာ သူရေးသားတဲ့ ဆောင်းပါးမှာ "ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့အသင်း သွင်းယူခဲ့တဲ့ ဂိုးတွေအားလုံးက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အလက်ဇန္ဒား အီဆက် သွင်းယူခဲ့တဲ့ ဂိုးကိုတော့ ကျွန်တော် တကယ်ကို သဘောကျမိပါတယ်" လို့ ရေးသားခဲ့ပါတယ်။

"သူလုပ်ပြသွားတာက အရင်တုန်းက ကျွန်တော်အပါအဝင် တခြား တိုက်စစ်မှူးတွေ လုပ်လေ့ရှိတဲ့ အချက်မျိုးပါ။ မက် အယ်လစ္စတာရဲ့ ကန်ချက်က ဂိုးပေါက်လွဲသွားမှာ ဖြစ်ပေမဲ့ အီဆက်ရဲ့ ပထမအကြိမ် ထိချက်က တကယ်ကို ကောင်းမွန်ခဲ့သလို အဆုံးသတ်ကလည်း ဂိုးထောင့်ထဲကို တိတိကျကျ ရောက်သွားခဲ့တာပါ"

"ဒါဟာ တိုက်စစ်မှူးတစ်ယောက်ရဲ့ အံ့ဩစရာကောင်းတဲ့ အဆုံးသတ်ပါ။ အဲဒီဂိုးကို သူကိုယ်တိုင်ပဲ ဖန်တီးခဲ့တာပါ။ မက် အယ်လစ္စတာရဲ့ ဖန်တီးပေးမှု (assist) လို့ သတ်မှတ်နိုင်ပေမဲ့ တကယ်တော့ အီဆက်က သူ့ဘာသာသူ ဖန်တီးယူသွားတာပါ။ ဒါက သူကျွမ်းကျင်တဲ့အရာ ဖြစ်သလို နယူးကာဆယ်မှာတုန်းကလည်း သူလုပ်ပြခဲ့တာပါ။ အခု လီဗာပူးမှာလည်း သူဒါမျိုး လုပ်နိုင်ပါတယ်"

"သူ့ဆီကို ဘောလုံးတွေ အရောက်ပို့ပေးဖို့ (Feeding) လိုပါတယ်။ ရှေ့တန်းမှာ အီဆက်၊ ဝက်ဇ် နဲ့ ဒိုမနစ် ဆိုဘိုစလိုင်းတို့နဲ့ အဆင်ပြေပြေ ကစားနိုင်မယ့် ပုံသေသတ်မှတ်ထားတဲ့ ကစားကွက်တစ်ခု တည်ဆောက်ဖို့ လိုပါတယ်"

"ကျွန်တော် လီဗာပူးမှာ ကစားခဲ့တုန်းကလည်း အီဆက် ကစားသလိုမျိုးပဲ ကစားခဲ့တာပါ။ ဘောလုံးကို ချိတ်ဆက်ကစားပြီး ဂျွန်ဘန်းစ်၊ ပီတာဘတ်စလေ၊ ရေးဟောက်တန် တို့အပြင် စတိဗ်မက်မဟွန်၊ ဂျန်မော်ဘီ ဒါမှမဟုတ် ရော်နီဝီလန်တို့ဆီ ဘောလုံးတွေ ပေးပို့လေ့ရှိပါတယ်။ ပြီးတော့မှ ဂိုးဧရိယာထဲကို ပြေးဝင်တာပါ။ ကျွန်တော် ရရှိခဲ့တဲ့ ဘောလုံးပေးပို့မှုတွေက တကယ်ကို ပြည့်စုံကောင်းမွန်ခဲ့ပါတယ်"

ဆက်လက်ပြီး အယ်လ်ဒရစ်ချ်က "ဒါပေမဲ့ အီဆက် လုပ်ရမယ့် အချက်တစ်ချက်က ဘောလုံးကို ထိန်းထားပေးဖို့ (hold the ball up) ပါပဲ။ သူက ပြိုင်ဘက် ဗဟိုခံစစ်မှူးတွေကို ယှဉ်ကစားဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွင်းလယ်ပိုင်းအထိ ဆင်းလာတတ်တာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့ ကွင်းလယ်မှာ ကစားသမားတွေ အလုံအလောက် ရှိပြီးသားပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"သူက ဘော်ဘီ ဖာမီနို မဟုတ်ပါဘူး။ သူက ဗဟိုခံစစ်မှူးတွေရဲ့ အနားမှာ ကပ်နေပြီး သူတို့ကို လိုက်ပါလှုပ်ရှားစေပြီးမှ ကွင်းလယ်ကစားသမားတွေဆီ ဘောလုံးပြန်ပေးပြီး ပြေးထွက်ရမှာပါ။ လောလောဆယ်မှာတော့ သူဒါကို ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက ကောင်းမွန်တာကြောင့် သူကိုယ်တိုင်ရော အသင်းကပါ အပြန်အလှန် အကျိုးရှိမယ့် ပုံစံမျိုးဖြစ်အောင် သင်ယူသွားရမှာပါ" လို့ ဆိုခဲ့ပါတယ်။