The network connection is lost.

Banner Image

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဆွီဒင်အသင်းလူစာရင်း ထုတ်ပြန်ခဲ့ပြီး အဓိကကစားသမားအချို့ မပါဝင်

ဒီလကုန်မှာကစားရမယ့် ဆွီဒင်ရဲ့အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ဂရေဟမ်ပေါ်တာက လူစာရင်းထုတ်ပြန်ခဲ့ရာမှာ အတွေ့အကြုံရင့်ကစားသမား အီဆက်ခ်အပါအဝင် အဓိကကစားသမားတချို့ကို ဒဏ်ရာမှ အချိန်မီမသက်သာလို့ ချန်လှပ်ထားခဲ့ပါတယ်။

လီဗာပူးအသင်းဘက်မှထွက်ပေါ်လာတဲ့ နောက်ဆုံးသတင်းတွေအရ အီဆက်ခ်က ဧပြီလအတွင်းမှသာ ဘောလုံးပြန်ကစားနိုင်ဖို့ ရှိနေပြီး အခုပွဲစဉ်တွေအတွက် အခွင့်အလမ်းနည်းပါးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကူလူဆက်ဗ်စကီး၊ ဂျိုဟန်ဆန်၊ အီမီလီဟုမ်း၊ ဇက်တာစတန်း ဘန်ဟတ်ဆန်နဲ့ ခရက်ဖ်ရှ်တို့လည်း ပေါ်တာရဲ့အသင်းမှာ မပါဝင်လာပါဘူး။ ဆွီဒင်အသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပြီးနောက် ဒီနှစ်နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပြန်လည်ပါဝင်နိုင်ဖို့ ရည်မှန်းချက်ထား ကြိုးပမ်းနေပါတယ်။

ဆွီဒင်အသင်းအတွက် အရာအားလုံးက ပလေးအော့ဖ်လမ်းကြောင်း (B) ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပေါ်မှာ မူတည်နေပါတယ်။ သူတို့က မတ် ၂၆ ရက်၊ စပိန်နိုင်ငံ၊ ဗလန်စီယာမြို့မှာ ယူကရိန်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါတယ်။

အကယ်၍ ယူကရိန်းကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဆွီဒင်က ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ဖို့ရှိနေပြီး ပိုလန်နဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ ဆီမီးဖိုင်နယ်တွဲဆိုင်းမှ အနို်ငရရှိတဲ့အသင်းနဲ့ မတ် ၃၁ ရက်၊ ဆိုလ်နာမြို့မှာ ဗိုလ်လုပွဲအိမ်ရှင်အဖြစ် လက်ခံကစားရပါလိမ့်မယ်။ တစ်ဖက်မှာလည်း ယူကရိန်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပိုလန်နဲ့ အယ်လ်ဘေးနီးယားတွဲဆိုင်းမှ ရှုံးနိမ့်လာတဲ့အသင်းနဲ့ ခြေစမ်းပွဲပဲ ကစားသွားရပါမယ်။။

လက်ရှိထုတ်ပြန်လိုက်တဲ့ လူစာရင်းထဲမှာတော့ ယောကရက်စ်၊ အာယာရီ၊ အီဆက်ဟိန်း၊ ဆဗန်ဆန်၊ ဂတ်မန်ဆန်၊ အီလန်ဂါနဲ့ လင်ဒီလော့ဖ်တို့လို အားကိုးရတဲ့ ကစားသမားအများအပြား ပါဝင်နေပါသေးတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် တိုမတ်ဆန်ရဲ့နေရာမှာ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ပေါ်တာကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆွီဒင်အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပေါ်တာက အစကနဦးအဖွင့်ပွဲစဉ်နှစ်ခုလုံးကို အနိုင်မရရှိထားပေမဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။