The network connection is lost.

Banner Image

ဘာစီလိုနာစတားဟောင်းတွေရဲ့ခြေရာကို လိုက်နင်းနိုင်တာက တကယ့်အံ့ဖွယ်လို့ ယာမဲလ် ဝန်ခံပြောကြား

ဘာစီလိုနာစတား ယာမဲလ်က အသင်းစတားဟောင်းတွေဖြစ်တဲ့ နေမာ နဲ့ မက်ဆီတို့ရဲ့ခြေရာကို လိုက်နင်းနိုင်တာက အံ့ဖွယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ ပွဲထွက်ခွင့်တစ်နေရာပုံမှန်ရနေသလို ဘာစီလိုနာနဲ့အတူ ဆုဖလားအောင်မြင်မှုတွေပါ ရယူနိုင်ဖို့ နီးစပ်နေပါတယ်။

အခုလာမယ့်စနေနေ့မှာ ဘာစီလိုနာဟာ ကိုပါဒယ်ရေးဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယာမဲလ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့သလို သူ့ရဲ့အကျီကလည်း အသင်းအကျီအရောင်းဆိုင်တွေမှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။

စပိန်သားက သူ့အနေနဲ့ ပရိသတ်တွေဆီကနေ အခုလိုမျိုးမယုံကြည်စရာကောင်းတဲ့အားပေးမှုမျိုးရတာကို အံ့အားသင့်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ယာမဲလ်က “အဲ့တာက မယုံကြည်နိုင်စရာပါ။ ကျွန်တော်ကလေးဘဝကတည်းက နေမာအကျီ ၊ မက်ဆီအကျီတွေကို ဝတ်ဆင်ခဲ့ပါတယ်။ ဒီကစားသမားတွေရဲ့အကျီကိုဝတ်ဆင်ရတာက သူတို့ရဲ့စိတ်ခွန်အားကို ရစေပါတယ်။ အနည်းဆုံးဘောလုံးကန်ရာမှာပါ။

အခုလိုမျိုးအရာတွေ မြန်မြန်ဖြစ်လာမယ်လိုပ ကျွန်တော် ဘယ်တုန်းကမှမတွေးမိပါဘူး။ အသက် ၁၃ နှစ်ကလေးထက် ကျွန်တော်က ၄ နှစ်ပဲပိုကြီးပါတယ်။ ကျွန်တော့်အမေဆိုရင်လည်း ဒီအကြောင်းအမြဲပြောဖြစ်ပါတယ်။ အဲ့တာက အခြားသူဆိုမဖြစ်လာနိုင်လောက်ပေမယ့် အခုလိုမျိုးထင်မှတ်မထားတာတွေဖြစ်လာတော့ ကျွန်တော် အရမ်းပျော်မိပါတယ်”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ၂၀၂၃ ဧပြီလ ၂၉ ရက်တုန်းက အသက် ၁၅ နှစ်အရွယ်နဲ့ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာ စီနီယာကစားသမားဘဝကို တက်လှမ်းနိုင်သလို စပိန်အသင်းအတွက်ပါ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ယာမဲလ်တစ်ယောက် စပိန်နဲ့အတူ ဥရောပချန်ပီယံရှစ်ဖလားရယူထားနိုင်သလို တစ်ဦးချင်းဆုတံဆိပ်တွေလည်း ရယူထားနိုင်ခဲ့ပါတယ်။

အခုအပတ်တုန်းကလည်း ယာမဲလ်ဟာ ၂၀၂၅ Laureus World Sports ဆုကိုရယူနိုင်ခဲ့ပါတယ်။ “ကျွန်တော့်မိဘတွေက ကျွန်တော့်အရာအားလုံးကို ကိုယ်စားပြုပါတယ်။ လူတိုင်းက အဲ့တာကိုကျွန်တော့်ကို အမြဲပြောပါတယ်။ ကျွန်တော့်အဖေအကြောင်းကို ကွင်းထဲမှာ တွေးဖြစ်ပါတယ်။ ကျွန်တော့်အမေအကြောင်းကို ကွင်းပြင်ပမှာ တွေးဖြစ်ပါတယ်။ ဒီ ၂ ယောက် ကျွန်တော်ကြီးပြင်းလာဖို့အတွက် အများကြီးသွန်သင်ပေးခဲ့တဲ့သူတွေပါ။ သူတို့က ကျွန်တော့်ကို အများကြီးသင်ပြပေးပါတယ်။ ကျွန်တော့်အဖေရဲ့လွှမ်းမိုးမှုက အများကြီးပါဝင်ပါတယ်။ အဲ့အတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ သူ့ဆီကနေ ကျွန်တော် အချစ်တွေသင်ယူခွင့်ရခဲ့ပါတယ်။ အခုလိုမျိုးဖြစ်လာတာက သူတို့ကြောင့်လည်းပါပါတယ်။ အဲ့အတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကျေးဇူးတင်မှုက ဘယ်တော့မှမလုံလောက်ဘူးဆိုတာ သိပေမယ့် ကျွန်တော် ကြိုးစားမှာပါ”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။ ယာမဲလ် နဲ့ ဘာစီလိုနာအသင်းဖော်တွေဟာ ကိုပါဒယ်ရေးဖိုင်နယ်ပွဲအတွက် ပြင်ဆင်ရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်ပွဲအဖြစ် အင်တာမီလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။