အာနိုးလ်နဲ့ပတ်သက်လို့ တူချယ်မှာ ပုဂ္ဂိုလ်ရေးခံစားချက်တစ်ခုခုရှိနိုင်တယ်လို့ ဆိုလာတဲ့ ဂယ်ရီလိုင်နီကာ
ပရီးမီးယားလိဂ်ဂန္ထဝင်လိုင်နီကာက အင်္ဂလန်နည်းပြသောမတ်စ်တူချယ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အာနိုးလ်အပေါ် ပုဂ္ဂိုလ်ရေးအရ တစ်ခုခုအမြင်မကြည်တာမျိုး ရှိနိုင်တယ်လို့ ယူဆနေပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်၊ ဥရုဂွေး၊ ဂျပန်တို့နဲ့ ခြေစမ်းကစားခဲ့တဲ့ ပွဲစဉ်တွေအတွက် တိုးချဲ့ရွေးချယ်ထားတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ၃၅ ဦးစာရင်းမှာ လီဗာပူးနောက်ခံလူဟောင်းမပါဝင်လာခဲ့လို့ အံ့အားသင့်စရာ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်လာပါတယ်။
ဒီနွေရာသီ မြောက်အမေရိကမှာကျင်းပမယ့် ပြိုင်ပွဲကြီးမတိုင်ခင် အင်္ဂလန်အသင်းက အိမ်ကွင်းမှာ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဂျပန်နဲ့ အင်္ဂါနေ့မှာ ကစားသွားခဲ့ပြီး အာနိုးလ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့်ရရှိဖို့ အခွင့်အရေး အတော်လေးနည်းပါးသွားပြီလို့ ဆိုနိုင်ပါတယ်။
'The Rest is Football' ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ဂယ်ရီလိုင်နီကာက စပိန်ဆီပြောင်းရွှေ့သွားပြီးနောက် အကောင်းဆုံမရရှိသေးတဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်လို့ တူချယ်ဆီမှာ ပုဂ္ဂိုလ်ရေးအရ ခံစားချက်တစ်ခုခု ရှိနေနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
လိုင်နီကာက "ကျွန်တော်က အာနိုးလ်ကို ဘယ်လောက်သဘောကျလဲဆိုတာ အားလုံးသိကြပါလိမ့်မယ်။ ဘောလုံးပညာပိုင်းအရ ကြည့်မယ်ဆိုရင် ငြင်းစရာမရှိလို့ ပုဂ္ဂိုလ်ရေးအရ တစ်ခုခုရှိမယ်လို့ပဲ ထင်ပါတယ်။ လူစားဝင်ကစားသမားအဖြစ်နဲ့တောင် အသင်းကိုအကျိုးပြုနိုင်သူမျိုးက လူစာရင်းထဲမှာတောင် မပါဝင်ဘူးဆိုတာကတော့ စဉ်းစားလို့မရနိုင်ပါဘူး။
ဒါကြောင့် တူဟယ်လ်က အာနိုးလ်နဲ့ပတ်သက်ပြီး တစ်ခုခုကို စိတ်ခုနေသလားလို့ပဲ သံသယဖြစ်မိပါတယ်။ ဒါက သူ့ရဲ့ စိတ်နေစိတ်ထားကြောင့်လား ဒါမှမဟုတ် ခံစစ်ပိုင်းမှာ မသင့်တော်ဘူးလို့ ထင်တာလားဆိုတာကတော့ ခန့်မှန်းရုံပဲ ရှိပါသေးတယ်။
အခုလိုဖြစ်နေတယ်ဆိုတာ လုံးဝယုတ္တိမရှိလို့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိရပါမယ်။ သူ့နေရာမှာ ကစားနေတဲ့ တခြားကစားသမားတွေကို လေးစားမှုရှိပေမဲ့ ဘောလုံးကျွမ်းကျင်မှုအပိုင်းမှာ အာနိုးလ်ရဲ့အဆင့်အတန်းကို မမီကြပါဘူး" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့သောကြာညပိုင်းပွဲစဉ်မှာ တူချယ်က လီဗရာမန်တိုကို ညာနောက်ခံလူအဖြစ် အသုံးပြုခဲ့ပြီး ပြိုင်ပွဲကြီးစတင်လာချိန်မှာတော့ အာဆင်နယ်ကြယ်ပွင့်ဘန်ဝှိုက်နဲ့ ချယ်လ်ဆီးကပ္ပတိန်ရီစီဂျိမ်းစ်တို့ကို ရွေးချယ်နိုင်လို့ အာနိုးလ်အတွက် အခြေအနေမကောင်းလှပါဘူး။