ကမ္ဘာ့ဖလားနီးကပ်လာချိန် မတ်လခြေစမ်းပွဲစဉ်တွေအတွက် ဘရာဇီးလ်လူစာရင်းမှာ နေမာမပါဝင်
ကမ္ဘာ့ဖလားချန်ပီယံဆုများရှင်ဘရာဇီအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နည်းပြအန်ဆယ်လော့တီကလည်း ဒီလနိုင်ငံတကာသီတင်းပတ်အတွက် အသင်းလူစာရင်းမှာ တိုက်စစ်မှူးနေမာကို ချန်လှပ်ထားခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင် ဘရာဇီးက မတ် ၂၆ ရက်၊ ဘော့စတွန်မြို့မှာ ပြင်သစ်၊ မတ် ၃၁ ရက်၊ အော်လန်ဒိုမြို့မှာ ခရိုအေးရှားတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။
အသက် ၃၄ နှစ်အရွယ်နေမာက ကြွက်သားပင်ပန်းနွမ်းနယ်မှုကြောင့် ဆန်တို့စ်အသင်းရဲ့လတ်တလောပွဲစဉ်တစ်ခုကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူစာရင်းမထုတ်ပြန်ခင် ကစားသမားတွေကို ကြည့်ရှုစစ်ဆေးဖို့ပြင်ဆင်ထားတဲ့ အန်ဆယ်လော့တီရဲ့အစီအစဉ် ပျက်ပြယ်သွားခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားနေမာ(၇၉ ဂိုး)က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြင်းထန်ဒူးဒဏ်ရာရရှိခဲ့လို့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် မကစားပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်၊ ဆန်းတို့စ်အသင်းဆီ ပြန်ရောက်လာချိန်မှာလည်း ပုံမှန်ပွဲကစားနိုင်ဖို့အတွက် ရုန်းကန်နေရပြန်ပါတယ်။
"နေမာသာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိမယ်ဆိုရင် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရရှိပါလိမ့်မယ်။ အခု သူ့ကို မခေါ်တာက သူရဲ့ကြံ့ခိုင်မှု အပြည့်အဝမရှိသေးလို့ပဲ ဖြစ်ပါတယ်။ နေမာကိုယ်တိုင်လည်း ပုံမှန်လေ့ကျင့်ခန်းဆင်းပြီး ပွဲတွေကစားနေဖို့ လိုပါတယ်" လို့ အန်ဆယ်လော့တီက လူစာရင်းထုတ်ပြန်ပြီးနောက် သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
အီတာလျံလူမျိုးနည်းပြကြီးက ဘရာဇီးလ်အသင်းရဲ့တိုက်စစ်ပိုင်းကို အသစ်အဆန်းဖြစ်စေဖို့အတွက် တစ်နှစ်နီးပါးကြာ လက်ရွေးစင်အသင်းနဲ့ဝေးကွာနေတဲ့ အသက် ၁၉ နှစ်အရွယ် အန်းဒရစ်ကို ပြန်လည်ခေါ်ယူခဲ့သလို၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဂေါသီယာဂိုကိုလည်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၃ ရက်မှာ မော်ရိုကိုနဲ့မကစားခင် ဇွန်လအတွင်းလည်း အီဂျစ်အသင်းနဲ့ နောက်ထပ်ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။
ဘရာဇီးလ်အသင်းလူစာရင်း
ဂိုး- အလီဆင် (လီဗာပူးလ်)၊ ဘန်တို (အယ်လ်နာဆာ)၊ အီဒါဆန် (ဖီနာဘာချီ)
နောက်- ဝက်စလေ (ရိုးမား)၊ အဲလက်စ်ဆန်ဒရို (ဖလာမင်ဂို)၊ ဒေါက်ဂလပ်စ်ဆန်းတို့စ် (ဇင်းနစ်)၊ မာကွင်ဟို (ပီအက်စ်ဂျီ)၊ မာဂယ်လ်ဟေးစ် (အာဆင်နယ်)၊ ဘရီမာ (ဂျူဗင်တပ်စ်)၊ ဒါနီလို (ဖလာမင်ဂို)၊ အိုင်ဘန်နက်ဇ် (အယ်လ်အာလီ)၊ လီယိုပါရဲရား (ဖလာမင်ဂို)
လယ်- အန်ဒရေဆန်းတို့စ် (ချယ်လ်ဆီး)၊ ကတ်စမဲရိုး (ယူနိုက်တက်)၊ ဒါနီလို (ဘိုတာဖိုဂို)၊ ဖာဘင်ဟို (အယ်လ်အစ်တီဟတ်)၊ ဂါဘရီယယ်ဆာရာ (ဂါလာတာစာရေး)
ရှေ့- အန်းဒရစ် (လိုင်ယွန်)၊ အီဂေါသီယာဂို (ဘရန့်ဖို့ဒ်)၊ လူးဝစ်ဟင်းနရစ် (ဇင်းနစ်)၊ ရာယန် (ဘုန်းမောက်)၊ ဂျော်အိုအိုပက်ဒရို (ချယ်လ်ဆီး)၊ မာတင်နယ်လီ (အာဆင်နယ်)၊ ကွန်ဟာ (ယူနိုက်တက်)၊ ရာဖင်ဟာ (ဘာစီလိုနာ)၊ ဗင်နီစီးယပ်စ် (ရီးရဲလ်မက်ဒရစ်)