The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီပါဝင်ကစားဖို့ အတည်မပြုရသေးဘူးလို့ ဝန်ခံလိုက်တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ပါဝင်ကစားမလားဆိုတာကို အခုထက်ထိ အတည်မပြုနိုင်သေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ထိုက်ထိုက်တန်တန်ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ပေမဲ့ လာမယ့်နွေရာသီမှာ ကျင်းပမယ့်ပြိုင်ပွဲကိုတော့ ပါဝင်ယှဉ်ပြိုင်ဖြစ်မလားဆိုတာ အခုထိ အတည်မပြုနိုင်သေးပါဘူး။

မော်ရီတေးနီးယားနဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ စကာလိုနီက မက်ဆီ ပါဝင်လာဖို့ မျှော်လင့်နေဆဲဖြစ်ပေမဲ့ ဒီဆုံးဖြတ်ချက်က သူ့လက်ထဲမှာ မရှိဘူးလို့ ဆိုပါတယ်။

"ဒါ မက်ဆီဖြေရမယ့် မေးခွန်းပါ၊ ကျွန်တော် ဖြေစရာမလိုပါဘူး။ ကျွန်တော် ဘာကို တွေးထားလဲဆိုတာ ခင်ဗျားတို့လည်း သိပြီးသားပါ။ သူ့ကို ပါစေချင်တာပေါ့၊ ဒါပေမဲ့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ သူကိုယ်တိုင် စိတ်အေးလက်အေးနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အလောတကြီး မရှိပါဘူး။ သူ 'အိုကေ' လို့ ပြောလာဖို့ပဲ မျှော်လင့်ပါတယ်" လို့ စကာလိုနီက ပြောပါတယ်။

ဒါ့အပြင် စကာလိုနီကို အာဂျင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်းတိုးမလားဆိုပြီး မေးမြန်းခဲ့ကြရာမှာတော့ "အခုအချိန် ကျွန်တော့်ရဲ့စာချုပ်ကိစ္စက အခုချိန်မှာ အဓိကမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အေးဂျင့်က ဥက္ကဋ္ဌနဲ့ စကားပြောနေပါတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။