ဗယ်လက်ကာနိုနဲ့ပွဲမှာ လူစားလဲခံခဲ့ရလို့ ပေါက်ကွဲနေခဲ့တဲ့ ယာမယ်လ်
ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရမှုအပေါ် မကျေမနပ်ဖြစ်ပြီး ညည်းတွားနေခဲ့တာကို ကွင်းဘေးက မိုက်ကရိုဖုန်းကတစ်ဆင့် အသံဖမ်းမိသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဗယ်လက်ကာနိုကို ၁-ဂိုး ၀-ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ရော်နယ်လ် အရူဟို သွင်းယူပေးခဲ့တဲ့ဂိုးက အသင်းအတွက် အနိုင်ဂိုးဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ပွဲကစားချိန် ၈၂ မိနစ်မှာ လာမိုင်းယာမယ်လ်ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရိုကာဖွန်ဒါသားလေး ယာမယ်လ်ကတော့ ဒီဆုံးဖြတ်ချက်အပေါ် သဘောမကျဘဲ စိတ်ဆိုးဒေါသထွက်ခဲ့တာပါ။
မားကတ်စ် ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲဖို့အတွက် ကွင်းဘေးကို ထွက်လာချိန်မှာ "အမြဲတမ်း ကျွန်တော်ပဲလား" လို့ ယာမယ်လ်က ပြောဆိုနေတာကို DAZN ရဲ့ မိုက်ကရိုဖုန်းမှာ အသံဖမ်းမိခဲ့ပါတယ်။ ၎င်းက ခုံတန်းမှာ ထိုင်လိုက်ရင်းနဲ့လည်း "အမြဲတမ်း ကျွန်တော်ပဲ... ဘုရားရေ၊ ဒါဟာ တကယ်ကို ရူးချင်စရာပဲ" လို့ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြောဆိုနေခဲ့ပါတယ်။
အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ အာနော ဘလန်ကိုက ယာမယ်လ်ရဲ့ရှေ့မှာ ထိုင်နေတာဖြစ်လို့ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ယာမယ်လ်ကတော့ "အမြဲတမ်း ကျွန်တော်ပဲ၊ ကျွန်တော် တစ်ယောက်တည်းပဲလား" ဆိုပြီး ဆက်လက်ပြောဆိုနေခဲ့ပါတယ်။
လာမိုင်းယာမယ်လ်ဟာ သူ့ရဲ့ဒေါသတွေကို ဖော်ပြပြီးတဲ့နောက်မှာတော့ ပွဲပြီးဆုံးတဲ့အထိ ကွင်းထဲမှာ ဆက်မနေတော့ဘဲ ဥမင်လိုဏ်ခေါင်းထဲကနေသာ ပွဲကို ဆက်လက်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။