ဘယ်လင်ဟမ်ကိုခေါ်ယူဖို့ ယူနိုက်တက်ကို ဆာဟာ တိုက်တွန်း
မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ တော့တင်ဟမ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း လူးဝစ်ဆာဟာက ဂျုဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အသင်းကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ကတ်စီမီရိုဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက်မှာတော့ နီဖျန်းအသင်းဟာ ကွင်းလယ်ပိုင်းကို ပြောင်းလဲပေးနိုင်မယ့် ကစားသမားအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နယူးကာဆယ်က ဆန်ဒရိုတိုနာလီ၊ နော့တင်ဟမ်ဖောရက်စ်က အီလီယော့အန်ဒါဆင်တို့လို အမည်တွေ သတင်းထွက်နေသလို ပြည်ပက ကစားသမားအချို့ရဲ့ အမည်တွေလည်း ပါဝင်လာခဲ့ပါတယ်။
ဆာဟာက Ozoon နဲ့ အင်တာဗျူးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကာလရှည်ဒဏ်ရာကနေ မကြာသေးခင်ကမှ ပြန်လာနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ကို ယူနိုက်တက်အနေနဲ့ ကြိုးစားခေါ်ယူသင့်တယ်လို့ ယုံကြည်နေပါတယ်။
"ကျွန်တော့်အတွက် မန်ယူရဲ့ အိမ်မက်ထဲက နွေရာသီအပြောင်းအရွှေ့ဟာ ဂျုဒ်ဘယ်လင်ဟမ်ပါပဲ။ ဒါဟာ ရူးသွပ်စရာကောင်းတဲ့ စိတ်ကူးတစ်ခု ဖြစ်နိုင်ပေမဲ့ သူဟာ အရာအားလုံးနဲ့ ပြည့်စုံသူပါ။ သူ ယူနိုက်တက်ကို ရောက်လာတာကို တကယ်ပဲ မြင်ချင်ပါတယ်။
သူ့ရဲ့ ကစားသမားဘဝ ကြံ့ခိုင်မှုပိုင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ နံပါတ် (၈) ဒါမှမဟုတ် နံပါတ် (၁၀) နေရာတွေအပါအဝင် နေရာစုံမှာ ကစားပေးနိုင်ပါတယ်။ သူ့မှာ ခေါင်းဆောင်မှုအရည်အသွေးလည်း ရှိပြီး တချို့အချက်တွေမှာ ဘရူနိုဖာနန်ဒက်စ်လိုမျိုး ခေါင်းဆောင်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ။ သူဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဒီအရည်အချင်းတွေအားလုံးက ယူနိုက်တက်အတွက် အံ့ဩစရာကောင်းမှာဖြစ်ပြီး သူကိုယ်တိုင်လည်း အင်္ဂလန်ကို ပြန်လာပြီး ပရီးမီးယားလိဂ်မှာ ကစားချင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒါဟာ အိမ်မက်တစ်ခုပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကစားသမားလေးဟာ ဖေဖော်ဝါရီလအစပိုင်းတုန်းက မျက်ရည်ကျခဲ့ရတဲ့အထိ ပြင်းထန်ခဲ့တဲ့ ပေါင်နောက်ကြောဒဏ်ရာကနေ ပြန်လာနိုင်ဖို့ ကြိုးစားနေရသူဖြစ်ပြီး လွန်ခဲ့တဲ့ ၈ ရက်ကမှ ရီးရဲလ်မက်ဒရစ်အတွက် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့တာပါ။
အခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဦးဆောင်ဖို့ ပြင်ဆင်နေတဲ့ ဘယ်လင်ဟမ်ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ ရှိနိုင်တာကြောင့် ယူနိုက်တက်ရဲ့ ဘတ်ဂျက်ကို ထိခိုက်စေနိုင်ပေမဲ့လည်း ကတ်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် အကောင်းဆုံးသူ ဖြစ်လာနိုင်ပါတယ်။