လာမိုင်းယာမယ်လ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်းဖွင့်ဟလာတဲ့ လူးဝစ်ဟောလ်
နယူးကာဆယ်အသင်းရဲ့ နောက်ခံလူ လူးဝစ်ဟောလ်က ဒီည ဘာစီလိုနာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ လာမိုင်းယာမယ်လ်ကို ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အင်္ဂါနေ့ညမှာ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ဘာစီလိုနာကို လက်ခံကစားသွားမှာပါ။
"သူက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ သူ ချန်ပီယံလိဂ်မှာ ကစားတာတွေကိုလည်း ကျွန်တော် အများကြီး မြင်ဖူးသလို သူ ဘယ်လိုကစားသမားမျိုးလဲဆိုတာလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော်သာ ပွဲထွက်ခွင့်ရမယ်ဆိုရင် ဒီပွဲအတွက် တကယ်ကို စိတ်လှုပ်ရှားမိမှာပါ။ ကမ္ဘာ့အဆင့် အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ကြည့်ချင်ပါတယ်။ အဲဒီအတွက် မနက်ဖြန်ပွဲထက် ပိုကောင်းတဲ့ အခွင့်အရေး မရှိတော့ပါဘူး" လို့ ဟောလ်က လာမိုင်းယာမယ်လ်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
"သူ့အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ သဘောထားက တခြား ကစားသမားတွေနဲ့ မခြားနားပါဘူး။ သူ ဘယ်လို အခိုက်အတန့်တွေကို ဖန်တီးနိုင်လဲ၊ ဘယ်လို ကစားသမားမျိုးလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့အသင်းမှာ ခြိမ်းခြောက်မှုပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိတာကြောင့် သူက ဘယ်လောက်ပဲ ကောင်းတဲ့သူဖြစ်ပါစေ၊ သူ့တစ်ယောက်တည်းကိုပဲ အာရုံစိုက်နေဖို့ဆိုတာ သိပ်ပြီးတော့ အမြော်အမြင်ရှိရာ မကျပါဘူး" လို့လည်း ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး "ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို ထိန်းချုပ်မလဲ၊ ပြီးတော့ ပွဲကို အနိုင်ရဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။ တစ်သင်းလုံးအနေနဲ့လည်း တကယ်ကို စိတ်လှုပ်ရှားနေကြပါတယ်။ ၁၆ သင်းအဆင့်ဆိုတာ ကလပ်အသင်းအတွက် အရင်က မရောက်ဖူးသေးတဲ့ အဆင့်ဖြစ်သလို ကလပ်အသင်းအတွက်ရော၊ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက်ပါ တကယ့်ကို အရေးကြီးတဲ့ ပွဲတစ်ပွဲဆိုတာ သိပါတယ်။ အားလုံးလည်း စိတ်လှုပ်ရှားနေကြပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခု ပြသနိုင်ဖို့ မျှော်လင့်နေကြပါတယ်" လို့ ပြောပါတယ်။
"မနက်ဖြန်ပွဲဟာ ယေဘုယျအားဖြင့် ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ လိဂ်မှာ အခြေအနေ ပြန်ကောင်းလာဖို့ ပွဲတွေ အများကြီး ကျန်သေးပေမဲ့ အခုလောလောဆယ်မှာတော့ အဲဒါတွေကို ဘေးဖယ်ထားပြီး မနက်ဖြန်ပွဲကိုပဲ အာရုံစိုက်ရမှာပါ။ ဒါက လက်ရှိမှာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်လောက်မှာ သူတို့ကွင်းကို သွားကစားရမှာက တကယ့်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မနက်ဖြန်ပွဲက အရမ်းအရေးကြီးနေတာကြောင့် ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်။ သူတို့ကွင်းကို သွားတဲ့အခါမှာလည်း ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါက ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပါပဲ" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။