
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအလွန်ကာလအထိ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆက်ရှိချင်နေတဲ့ သောမတ်စ်တူချယ်
လတ်တလောစိတ်ပျက်စရာစွမ်းဆောင်ရည်နှစ်ကြိမ်ဆက် ရှိခဲ့ပေမယ့် သောမတ်စ်တူချယ်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းကာလတွေမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆက်ရှိနေချင်တယ်လို့ အတိအလင်းပြောကြားခဲ့ပါတယ်။
တူချယ်က လတ်တလောပြီးစီးသွားတဲ့နိုင်ငံတကာသီတင်းပတ်အတွင်း အင်္ဂလန်အတွက် ဆိုးရွားလွန်းလှတဲ့ ရလဒ်နှစ်ခုကို ကြီးကြပ်ခဲ့ရပါတယ်။ သူတို့တွေက အထင်ကြီးစရာမရှိတဲ့ပုံစံမျိုးဖြင့် အန်ဒိုရာကို အနိုင်ယူခဲ့သလို အင်္ဂါနေ့ခြေစမ်းပွဲစဉ်မှာလည်း ဆီနီဂေါကို ၁-၃ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဂျာမန်သားက သူ့ရဲ့တာဝန်နဲ့ပတ်သက်လို့ အပြည့်အဝသစ္စာရှိနေမယ်လို့ ပြောကြားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအလွန်ကာလတွေအထိ အသင်းအရန်ခုံတန်းမှာ ဆက်ရှိနေဖို့ လိုလားတယ်လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှာ တူချယ်ရဲ့လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးပါလိမ့်မယ်။
အင်္ဂလန်က အခြားဥရောပအသင်းတွေလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မရရှိသေးပေမယ့် ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ် သုံးခုလုံးကို အနိုင်ရရှိထားပြီး ခြေစစ်ပွဲအောင်မြင်ဖို့ အလားအလာကောင်းနေပါတယ်။ တူချယ်ကိုယ်တိုင်လည်း ဆုဖလားတွေဆွတ်ခူးနိုင်ဖို့အတွက် မျှော်လင့်ထားပြီးဖြစ်ပါတယ်။ အင်္ဂလန်သာ ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးနိုင်မယ်ဆိုရင် ဒီအလုပ်မှာ ဆက်ရှိနေမလားဆိုတဲ့ talkSPORT ရဲ့ မေးမြန်းမှုကို တူချယ်က “ ကျွန်တော်က ဒီအသင်းနဲ့ ဒီအခွင့်အလမ်းကို ကြိုက်နှစ်သက်တာကြောင့် ဆက်ရှိနေရဖို့ကိုပဲ အမြဲတမ်းလိုလားမိပါလိမ့်မယ်။အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာရတာ ဂုဏ်ယူစရာပါ။ အင်္ဂလန်အတွက် ယူရို-၂၀၂၈ ဆိုတဲ့ ပြိုင်ပွဲကြီးတစ်ရပ်လည်း ရှိလာဦးမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက ကျွန်တော့်ကို အမြဲတမ်းသွေးဆောင်နေပါတယ်။ အခုရက်ပိုင်းအတွင်း စိတ်ပျက်စရာရလဒ်အချို့ရှိခဲ့တယ်ဆိုရင်တောင် ဒီအချက်ကိုတော့ သေချာပေါက်ပြောနိုင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အင်္ဂလန်အတွက် အောင်ပွဲမရရှိခဲ့ဘူးဆိုရင်ရော ဆက်နေမှာလားဆိုတဲ့ ဆက်စပ်မေးခွန်းနဲ့ပတ်သက်လို့ သူက “ အခုအချိန်မှာ မေးတယ်ဆိုရင်တော့ ဟုတ်ပါတယ်လို့ပဲ ဖြေရပါမယ်။သင့်လျော်မှန်ကန်တဲ့နေရာတစ်ခုမှာ ကျွန်တာ်ရောက်ရှိနေတယ်လို့ ခံစားမိပြီး ပျော်ရွှင်နေပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ကျွန်တော်ကြိုက်ပါတယ်။ စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ပတ်ဝန်းကျင်အသစ်တစ်ခု လိုချင်ခဲ့ပါတယ်။ ဘောလုံးအဖွဲ့ချုပ်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လေးစားမှု၊ ယုံကြည်မှု၊ ထောက်ခံမှုကိုလည်း ကျွန်တော် ခံစားမိပါတယ်။ ဒီကစားသမားစုဖွဲ့မှုကို ကျွန်တော် ကြိုက်နှစ်သက်ပြီး သူတို့ကို တွန်းအားပေးသွားချင်ပါတယ်။ ဒါက မှန်ကန်တယ်လို့ ခံစားရပြီး ကျွန်တော့်ဘက်ကတော့ yes ဆိုတာ ရှင်းပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းက တူချယ်လက်အောက် အကြီးမားဆုံးစမ်းသပ်မှုတစ်ခုဖြစ်လာနိုင်တဲ့ ဆားဘီးယားနဲ့ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် စက်တင်ဘာ ၆ ရက်မှာ အန်ဒိုရာနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ကစားရပါမယ်။