The network connection is lost.

Banner Image

အာဆင်နယ် လူငယ်ကြယ်ပွင့် ဒေါင်းမန်းကို ကမ္ဘာ့ဖလားဆီ ခေါ်သွားဖို့ အင်္ဂလန်အသင်းကို ဝီလ်ရှီးယား တိုက်တွန်း

လူတန်တောင်းအသင်းနည်းပြ ဂျက်ဝီလ်ရှီးယားက အာဆင်နယ်လူငယ်ကစားသမားလေး မက်စ်ဒေါင်းမန်းကို အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ မဖြစ်မနေ ခေါ်ဆောင်သွားသင့်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ကစားသမား ၃၅ ဦး ပဏာမစာရင်းမှာ ဒေါင်းမန်း မပါဝင်ခဲ့ပေမဲ့ နည်းပြ သောမတ်စ်တူဟယ်လ်ကတော့ သူ့အတွက် အသင်းတံခါးဟာ ပိတ်မထားသေးဘူးလို့ အတည်ပြုထားပါတယ်။

ဝီလ်ရှီးယားဟာ အာဆင်နယ် ယူ-၁၈ အသင်းမှာ နည်းပြအဖြစ် တာဝန်ယူစဉ်က ဒေါင်းမန်းနဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးသူဖြစ်သလို အသက် ၁၆ နှစ်အရွယ် လူငယ်လေးနဲ့ အခုထိ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသူလည်း ဖြစ်ပါတယ်။

ဝီလ်ရှီးယားက The Telegraph သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော် ပြောချင်တာ တစ်ခုပဲ ရှိပါတယ်၊ အကယ်၍သာ သူဟာ စပိန်နိုင်ငံသားဆိုရင် စပိန်အသင်းက သူ့ကို သေချာပေါက် ခေါ်သွားမှာပါ"

"ဒါက ကျွန်တော့်အမြင်ပါ။ အင်္ဂလန်မှာက လူငယ်ကစားသမားတွေကို ပျိုးထောင်ပေးပြီးရင် သူတို့ကို ပြန်ပြီး ကာကွယ်ပေးလွန်းတဲ့ အလေ့အထမျိုး တစ်ခါတလေ ရှိတတ်ပါတယ်။ 'တကယ်လို့ သူ့ကို ခေါ်သွားရင် လူတွေ ဘာပြောကြမလဲ' ဆိုတဲ့ အတွေးမျိုးတွေနဲ့ ကြားညပ်နေတတ်ကြတာပါ"

"ဒေါင်းမန်းကတော့ သေချာပေါက် အရည်အချင်း ပြည့်မီပါတယ်။ အသင်းနဲ့ လိုက်သွားပြီး ပွဲထွက်ကစားခွင့် သိပ်မရရင်တောင်မှ သူ့ကို ခေါ်သွားသင့်တာပါ။ တကယ်တော့ သူဟာ ပွဲထွက်ကစားနိုင်တဲ့အထိ အရည်အချင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။"

"သူဟာ တစ်နေ့ကျရင် အင်္ဂလန်အသင်းကြီးဆီ သေချာပေါက် ရောက်လာမယ့်သူပါ။ 'မဖြစ်နိုင်သေးပါဘူး' လို့ လူတွေ ပြောကြတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ လာမင်းယမယ်လ်ကို ကြည့်ပါဦး၊ သူဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို အသက် ၁၆ နှစ်အရွယ်နဲ့ သွားခဲ့တာတောင် အဲ့ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပဲလေ" လို့ ဆိုခဲ့ပါတယ်။