The network connection is lost.

Banner Image

အင်္ဂလန်အသင်းမှာ အဖိုးတန်တဲ့ ညီအစ်ကိုစိတ်ဓာတ်ရှိလာပြီလို့ တူချယ် ထုတ်ဖော်ပြောကြား

အင်္ဂလန်ကစားသမားတွေကြားမှာ အဖိုးတန်တဲ့ ညီအစ်ကိုစိတ်ဓာတ် တည်ဆောက်ထားနိုင်ပါပြီလို့ နည်းပြ သောမတ်စ်တူချယ်က ပြောကြားခဲ့ပါတယ်။ ယူရိုဖလား နှစ်ကြိမ်ဆက် ဒုတိယဆုရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ နှစ်ပွဲကစားဖို့ကျန်သေးပေမယ့် ဝင်ခွင့်ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ည ဆားဘီးယားနဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်၊ သုံးရက်အကြာမှ အယ်လ်ဘေးနီးယားနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်တွေမှာ ကစားအားလျော့ကစားဖို့မရှိဘူးလို့ မျှော်လင့်ရပါတယ်။

တူချယ်က"ကျွန်တော်တို့ ကြိုးစားနေတာက ခိုင်မာတဲ့ဆက်ဆံရေး၊ စွမ်းအင်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အသင်းတစ်သင်းနဲ့ လူတိုင်းပါဝင်ချင်တဲ့ ညီနောင်စိတ်ဓာတ်ကို တည်ဆောက်ဖို့ပါပဲ။ ပြိုင်ဆိုင်မှုတွေကိုလည်း ဖန်တီးနေပြီး လူတိုင်းက သိထားပါတယ်။ 'မှားယွင်းတဲ့အချိန်မှာ ငါထွက်လိုက်ရင်၊ ၅၀-၅၀ အခြေအနေမှာ လူစာရင်းကနေ ငါနုတ်ထွက်လိုက်ရင် လက်ရွေးစင်ကစားသမားဘ၀ တံခါးပိတ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ တခြားကစားသမားက ငါ့နေရာကို ယူသွားနိုင်တယ်' ဆိုတာကို သိစေချင်တာပါ။

ဒါက ခြိမ်းခြောက်တာမျိုး မဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်ပါပဲ။ လူတိုင်းက လာချင်ကြတယ်၊ လေ့ကျင့်ရေးစခန်းကိုလာရတာကို သဘောကျကြတယ်၊ နိုင်ငံအတွက် ကစားရတာကို ကြိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ ဂုဏ်ရှိတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လိုနိုင်ငံကို ကိုယ်စားပြုရတဲ့ အဆင့်မြင့်ဘောလုံးလောကရဲ့ နောက်ဆုံးအဆင့်ဖြစ်လို့ပါပဲ။

ဒါက အမြင့်ဆုံးပါ။ ဒီလိုခံစားရသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုံးဝမှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ထင်ပါတယ်။ လူတိုင်းက လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ချင်ကြတယ်၊ လူတိုင်းက လာချင်လွန်းလို့ ရူးသွပ်နေကြတယ်။ ကျွန်တော်တို့ ခြေစစ်ပွဲအောင်ပြီးသွားပြီဆိုပြီး နားဖို့ အကောင်းဆုံးအချိန်လို့ ဘယ်သူမှ ကျွန်တော်တို့ကို အချက်ပြတာမျိုးမရှိသလို ကျွန်တော်တို့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါက ကိုယ့်ဘာသာကိုယ် အားဖြည့်ပေးနေတဲ့ စွမ်းအင်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။