The network connection is lost.

Banner Image

ဆားဘီးယားနဲ့ပွဲစဉ်မှာ အရန်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကို အားရကျေနပ်နေတဲ့ တူချယ်

ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် အသင်းတစ်ခုဆက်လက်တည်ဆောက်နေချိန်မှာပဲ ပွဲထွက်ကစားသမားတွေသာမက အရန်ကစားသမားတွေရဲ့အကျိုးသက်ရောက်မှုအပိုင်းကိုပါ သောမတ်စ်တူချယ်က ချီးကျူးခဲ့ပါတယ်။
ယူရို-၂၀၂၄ ဒုတိယဆုရှင်က ဆားဘီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စု(K)ရဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းနဲ့အတူ နှစ်ပွဲကစားဖို့ကျန်ရှိနေချိန်မှာပဲ လာမယ့်နှစ်နွေရာသီပြိုင်ပွဲဆီ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
အခုဝင်ဘာလေကွင်းပွဲစဉ်မှာ အင်္ဂလန်က ဆာကာရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း ဘယ်လင်ဟမ်နဲ့ ဖိုဒန်တို့ကို လူစားလဲထည့်သွင်းကစားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက အီဇီရဲ့သွင်းဂိုးအတွက် ကစားကွက်တည်ဆောက်မှုအပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပတ်သက်ခဲ့ပါတယ်။
တောင်အာဖရိကရပ်ဘီယူနီယံအသင်းဟာ သူတို့ရဲ့အရန်ကစားသမားတွေကို “ဗုံးကြဲအသင်း”လို့ ခေါ်ဝေါ်ကြပြီး အချို့အသင်းတွေမှာတော့ အရန်ကစားသမားတွေကို “အဆုံးသတ်သမား”တွေလို့ သုံးနှုံးကြတယ်လို့ တူချယ်က ရှင်းပြပါတယ်။ အင်္ဂလန်နည်းပြက “ တခြားနည်းနဲ့နာမည်ပေးထားတာမျိုး မရှိပေမယ့် ကျွန်တော် သဘောကျပါတယ်။ အဆုံးသတ်သမားတွေဆိုတာထက် ဗုံးကြဲအသင်းလို့ အမည်တပ်တာကို ပိုကြိုက်ပါတယ်။
ဒီပွဲစဉ်ရဲ့သဘောသဘာဝက ဒါပါပဲ။ တနင်္ဂနေ့မှာ အယ်လ်ဘေးနီးယားဆီသွားရပါမယ်။ ဒါကြောင့် ဒီပွဲထွက်ကစားသမား ၁၁ ဦးကိုပဲ ပွဲအစအဆုံးအသုံးပြုသွားမယ်ဆိုရင် ရလဒ်က သုည ဖြစ်သွားနိုင်ပါတယ်။ ပြိုင်ပွဲကာလတစ်ခုအတွင်းမှာဆိုရင် ပိုတောင်ဆိုးပါတယ်။
ဒါက ပွဲထွက်လူစာရင်းတစ်ခုတည်ဆောက်တာ မဟုတ်ပါဘူး။ အသင်းတစ်ခု တည်ဆောက်နေတာပါ။
သူတို့အားလုံးက သက်ဆိုင်ရာကလပ်အသင်းတွေမှာ ထိပ်တန်းကစားသမားတွေဖြစ်ကြပြီး ပွဲကစားရခြင်းကို ကျင့်သားရနေကြပါတယ်။ ပွဲမကစားရဘူးဆိုရင် သူတို့အားလုံး စိတ်ပျက်ကြပါတယ်။ အားလုံးပါပဲ။ ဒါက သာမန်အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေကိုယ်တိုင်လည်း အသင်းတစ်ခုတည်ဆောက်မယ့်အကြံအစည်ကို လက်ခံထားကြပါတယ်။ ဒါကိုသာ ကျွန်တော်တို့လိုချင်ပြီး မဖြစ်မနေလည်း လိုအပ်ပါတယ်။ အခြားနည်းလမ်းမရှိပါဘူး။
မာန်မာနမရှိတဲ့၊ စိတ်ပျက်မှုကို ချန်ထားခဲ့နိုင်တဲ့၊ ခိုင်မာအားကောင်းတဲ့ အသင်းတစ်ခုတည်ဆောက်နိုင်မှသာ နောက်ပွဲစဉ်အတွက် ဘယ်သူတွေကို ပွဲထွက်ခွင့်ပေးရမလဲဆိုတဲ့ ခေါင်းကိုက်စရာကိစ္စတစ်ခုကို နည်းပြဆီ ပေးအပ်နိုင်ပါလိမ့်မယ်။ ဒါက တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။
ဒါက ဒီအသင်းရဲ့သဘောသဘာဝလိုဖြစ်နေလို့ ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ ပွဲစဉ်အတွင်းမှာရော၊ ပွဲပြီးချိန်မှာပါ အသင်းရဲ့အငွေ့အသက်တွေက မှန်ကန်တဲ့စွမ်းအင်လို ဖြစ်နေပြီး ကစားသမားအချင်းချင်းလည်း အပြန်အလှန်လေးစားမှုနဲ့အတူ ဆက်ဆံနေကြတယ်လို့ ထင်ပါတယ်။
ကွင်းတွင်းဝင်ရောက်ကစားနေသူတွေကိုယ်တိုင်လည်း အရန်ခုံတန်းမှာရှိနေသူတိုင်းကို အားကိုးလို့ရနိုင်တယ်ဆိုတာ သိကြပါတယ်။
ဒီအကျိုးသက်ရောက်မှုကို ဒီနေ့မှာ မြင်တွေ့နိုင်ပြီး ဒီအတိုင်းပဲ ဆက်ရှိနေရပါမယ်။ အထူးသဖြင့် ပွဲနေ့အတွက် ဆုံးဖြတ်ချက်ကို စိတ်ပိုင်းဆိုင်ရာအရ လက်ခံပေးနိုင်ပြီး လူတိုင်းပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် အဲ့ဒီပုံစံအတိုင်း ဆက်သွားရပါမယ်”လို့ ပြောပါတယ်။