The network connection is lost.

Banner Image

အလွန်ခက်ခဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအခြေအနေနဲ့ အင်္ဂလန်အသင်း ရင်ဆိုင်ရမယ်လို့ ပြောဆိုလိုက်တဲ့ ရီစီဂျိမ်းစ်

ချဲလ်ဆီးကပ္ပတိန်အဖြစ် Club World Cup ချန်ပီယံဆုရရှိစဉ် ခံစားခဲ့ရသော ရာသီဥတုအပူချိန်နဲ့ ပတ်သက်လို့ ရီစီဂျိမ်းစ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေဖြင့် အမေရိကန်ပြည်ထောင်စုမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်စတင်ချိန်တွေကို ရွှေ့ဆိုင်းပေးဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းက လာမယ့်နှစ်၊ မြောက်အမေရိကဒေသပြိုင်ပွဲကြီးရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေမှာ ပါဝင်နေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ကိုလည်း အောင်အောင်မြင်မြင်ကျော်ဖြတ်ခဲ့ပြီးပါပြီ။

ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်ဒုတိယရရှိခဲ့တဲ့အသင်းက အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဆားဘီးယားကို အိမ်ကွင်းမှာဧည့်ခံကစားကာ အယ်လ်ဘေးနီးယားနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားပြီးနောက် ဒီဇင်ဘာ ၅ ရက်၊ ဝါရှင်တန်ဒီစီမှာပြုလုပ်မယ့် ကမ္ဘာ့ဖလားအုပ်စုအဆင့်မဲခွဲမှုအခမ်းအနားဆီ အာရုံစိုက်လာပါလိမ့်မယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပြင်းထန်လှတဲ့ နေ့အပူချိန်အောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတစ်ခုကို လက်ခံကျင်းပဖို့ စီစဉ်ထားပြီး ဖီဖာဒု-ဥက္ကဋ္ဌမွန်တာဂလီယာနီကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့သင်ခန်းစာကို အခြေပြုကာ ကမ္ဘာ့ဖလားပွဲစဉ်စတင်ချိန်တွေကို ရွှေ့ဆိုင်းရနိုင်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုခဲ့ဖူးတဲ့ သောမတ်စ်တူချယ်ကလည်း “ နောက်ကျမှကစားရရင် ပိုကောင်းမယ်”လို့ ပြောပါတယ်။ အင်္ဂလန်နည်းပြရဲ့မှတ်ချက်စကားနဲ့ပတ်သက်လို့ ရီစီဂျိမ်းစ်က “ ရာသီဥတုသိပ်မပူတဲ့ နှောင်းပိုင်းအချိန်တွေမှာ ကစားရတာ သေချာပေါက်အထောက်အကူဖြစ်စေပါလိမ့်မယ်။ အဲ့ဒါက အကူအညီဖြစ်စေပါလိမ့်မယ်”လို့ ပြောပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ချန်ပီယံအသင်းရဲ့ကပ္ပတိန်ဆီ ဖီဖာမှ တုံ့ပြန်ချက်ပေးဖို့ ဆက်သွယ်ခဲ့သေးလားဆိုတဲ့ မေးခွန်းကို ရီစီဂျိမ်းစ်က “ မဆက်သွယ်လာပါဘူး။ ပွဲစတင်ချိန်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကို မေးမြန်းလာတာမျိုး မရှိပါဘူး။ သူတို့တွေ တစ်စုံတစ်ဦးဆီ မေးမြန်းခဲ့မယ်ဆိုတာ သေချာပါတယ်။ နည်းပြတွေ သို့မဟုတ် ကလပ်အသင်းတာဝန်ရှိသူတွေဆီပေါ့။ သေချာတာကတော့ ဖီဖာကိုယ်တိုင်လည်း အကြံပြုချက်တွေ ရရှိသွားပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အင်္ဂလန်ကလည်း ပြိုင်ပွဲကာလနဲ့လိုက်လျောညီထွေရှိအောင် ဖလော်ရီဒါရဲ့နွေးထွေးတဲ့ရာသီဥတုအောက် စခန်းသွင်းလေ့ကျင့်နိုင်ဖို့ စီမံထားပါတယ်။ အင်္ဂလန်လက်ထောက်နည်းပြအန်သိုနီဘယ်ရီကလည်း အပူဒဏ်ခံနိုင်ရည်ရှိမယ့် ပွဲအစီအမံတစ်ခုကို အသင်းရဲ့ဝန်ထမ်းတွေ တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုပြင်ဆင်မှုတွေက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ အပူလှိုင်းတစ်ခုကို ရင်ဆိုင်ခဲ့ရတဲ့ ရီစီဂျိမ်းစ်အတွက် မလုံလောက်သေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ချဲလ်ဆီးကပ္ပတိန်က “ အထူးသဖြင့် အင်္ဂလန်မှာကစားနေတဲ့ ကျွန်တော်တို့အတွက် အဲ့ဒီလိုအပူချိန်မျိုးအောက် ကစားရတယ်ဆိုတာ အလွန်ခက်ခဲလွန်းတဲ့အခြေအနေဖြစ်ပါတယ်။ အရင်တုန်းက အခုလိုမျိုးအခြေအနေနဲ့ မကြုံတွေ့ခဲ့ဖူးပါဘူး။

ဒီမှာအချိန်ကြာကြာရှိလာတာနဲ့အမျှ တစ်နေရာတည်းမှာသာ အခြေကျသွားပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကန့်သတ်ဖို့ ကြိုးစားမိပါတယ်။ ဟိုတယ်မှထွက်လာပြီဆိုရင် အပူဒဏ်ကို စတင်ခံစားရပါပြီ။ အရမ်းပူပြင်းလှပါတယ်။ ဒါက ပွဲကစားဖို့ အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်သလို ကျွန်တော်တို့ ပြိုင်ပွဲဝင်ခဲ့တဲ့ကာလတွေမှာ ကွင်းအခြေအနေတွေကလည်း အကောင်းဆုံးမဖြစ်နေလို့ နည်းနည်းတော့ အခက်တွေ့ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပိုကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။