The network connection is lost.

Banner Image

ဆားဘီးယားနဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းခဲ့ပြီးနောက် ဘယ်လင်ဟမ်ထံ သတင်းစကား ပေးပို့လိုက်တဲ့ တူချယ်

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ဆားဘီးယားနဲ့ပွဲမှာ ဂျုဒ်ဘယ်လင်ဟမ်ကို အရန်ခုံမှာထားခဲ့ပြီးနောက် ကစားသမားတွေကို ကျေနပ်အောင်ထားရှိဖို့နဲ့ နေရာလုမှုဖြစ်ပေါ်စေဖို့ကြား ဘယ်လိုဟန်ချက်ညီအောင် ထိန်းထားတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ တူချယ်က အင်္ဂလန်ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပွဲမထွက်ရဘူးဆိုရင် ဒေါသထွက်သင့်တယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အသင်းကိုတော့ ထောက်ခံအားပေးနေရမယ်လို့ ဆိုပါတယ်။ 

အောင်မြင်တဲ့အသင်းတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်နေတယ်ဆိုတာကို အရန်ကစားသမားတွေကပါ အသင်းဖော်တွေကို အားပေးနေတဲ့အချိန်မှာ သက်သေပြနိုင်တယ်လို့ တူချယ်က အခိုင်အမာပြောကြားခဲ့ပါတယ်။ အင်္ဂလန်နည်းပြက ဘယ်လင်ဟမ်ဟာ ဆားဘီးယားနဲ့ ပွဲမှာ ကစားခွင့်မရခဲ့တဲ့အပေါ် ပြဿနာလုံးဝမရှိခဲ့ပါဘူးလို့ ပြောကြားခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲဝင်လာတဲ့သူတွေအားလုံးကလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တူချယ်က "သူတို့ နည်းပြကို ဒေါသထွက်နိုင်တယ်၊ အခြေအနေကို ဒေါသထွက်နိုင်တယ်။ ဒါပေမဲ့ ဖလားရတဲ့နိုင်ငံတွေ၊ ချန်ပီယံလိဂ်နိုင်တဲ့ကလပ်တွေကို ကြည့်ပါ။ သူတို့ရဲ့အရန်ခုံကစားသမားတွေဟာ မတ်တပ်ရပ်အားပေးနေကြတယ်။ နောက်ဆုံး ၈ မိနစ်ကနေ ၁၀ မိနစ်အထိ 'ငါကွင်းထဲမှာရှိသင့်တယ်၊ ငါကွင်းထဲမှာရှိသင့်တယ်၊ ဘာလို့ငါမရှိတာလဲ' ဆိုပြီး ထိုင်ပြီးတွေးနေတဲ့သူ တစ်ယောက်မှမရှိဘူး။ သူတို့က အဲဒီနေရာမှာ ရပ်တည်နေကြတယ်။ ကျွန်တော် ချယ်လ်ဆီးနဲ့ အံ့သြစရာအောင်မြင်မှုရခဲ့တုန်းကလည်း ဒါကိုကြုံခဲ့ရဖူးတယ်။ လူတိုင်းက တွန်းအားပေးခဲ့ကြပြီး ရွေးချယ်ခံရခြင်းမရှိရင်တောင် အရန်ခုံကနေ တိုက်ပွဲဝင်ဖို့ အသင့်ရှိခဲ့ကြတယ်။

ဒါက နောက်ဆုံးမှာ ကွာခြားမှုကို ဖန်တီးပေးတာဖြစ်ပြီး ကျွန်တော်တို့ ဒီလိုအသင်းမျိုးနဲ့ သွားသင့်တယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ သူတို့စိတ်ပျက်နေရင်တောင် ဒါက လုံးဝပုံမှန်ပါပဲ။ သူတို့ ပျော်ရွှင်နေဖို့မလိုဘူး၊ ဘယ်သူမှ အရန်ခုံမှာ ထိုင်နေဖို့အကျင့်မရှိပါဘူး။ ဒါက ခိုင်မာတဲ့နိုင်ငံလက်ရွေးစင်အသင်းရဲ့ သဘာဝပဲ”လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပြီးသားဖြစ်တဲ့အတွက် ဘယ်လင်ဟမ်တစ်ယောက် တနင်္ဂနွေနေ့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ပြန်ရလာနိုင်ပါတယ်။