The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိအနားယူရမယ့် အက်စတီဗာအို

စနေနေ့က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးရဲ့တံကောက်ကြောဒဏ်ရာဟာ အစောပိုင်းက ခန့်မှန်းထားတာထက် ပိုမိုပြင်းထန်ပုံရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အဆင့် ၄ (grade-four) ရှိတဲ့ ပြင်းထန်ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒါဟာ ချယ်လ်ဆီးအတွက် ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ မကစားနိုင်တော့ရုံတင်မကဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်သွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

အက်စတီဗာအိုဟာ ဒီရာသီမှာ ရလဒ်တွေ အတက်အကျများနေတဲ့ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၃၆ ပွဲ ကစားပေးခဲ့ရာမှာ ၈ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ပထမဆုံးရာသီမှာတင် အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့သူပါ။ စနေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဒီတောင်ပံကစားသမားဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခဲ့ရတာဖြစ်ပြီး လူစားလဲခံရချိန်မှာတော့ ဒီဘရာဇီးသားလေးဟာ ငိုကြွေးနေခဲ့တယ်လို့ နည်းပြ လီယမ် ရိုဆီနီယာက ဝန်ခံပြောကြားခဲ့ပါတယ်။

"သူ ပထမပိုင်းပြီးချိန်မှာ ငိုနေခဲ့တာပါ၊ ဒါဟာ သူ့အတွက် တကယ်ကို စိတ်ထိခိုက်စရာ အခြေအနေတစ်ခုပါ။ ဟမ်စတရင်းဒဏ်ရာလို့ ထင်ရပြီး သူ ဂိုးသွင်းဖို့ တစ်ဦးချင်း ပြေးဝင်နေတဲ့အချိန်မှာ ဒဏ်ရာရသွားတာပါ။ အက်စတီတစ်ယောက် အမြန်ဆုံး ပြန်လာနိုင်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။ အက်စတီဗာအို မပါဝင်နိုင်တော့တာဟာ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းအတွက် အကြီးအကျယ် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ကိုးပါးလ်မားနဲ့ ဂျိုအာအိုပက်ဒရိုတို့ မပါဝင်နိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းက အတော်လေး အားနည်းနေခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်နေရတာပါ။ အခုလို အက်စတီဗာအိုပါ မရှိတော့တဲ့အချိန်မှာ အသင်းရဲ့ အခြေအနေတွေဟာ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ တောင်ပံကစားသမားလေးကတော့ ဒီနွေရာသီ ပြိုင်ပွဲကြီးမတိုင်ခင် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ကိုပဲ အာရုံစိုက်နေရတော့မှာ ဖြစ်ပါတယ်။