The network connection is lost.

Banner Image

လက်ရွေးစင်တာဝန်ပြန်ထမ်းဆောင်ရလို့ စိတ်လှုပ်ရှားနေတဲ့ ဖိုဒန်

ဆားဘီးယားကို အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း သောမတ်စ်တူချယ်ရဲ့အသင်းမှာ ပြန်လည်ပါဝင်လာကာ အကျိုးသက်ရောက်မှုတစ်ခု ချက်ချင်းဆိုသလိုပြသနိုင်ခဲ့တဲ့ ဖိုဒန်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ပါဝင်ကစားခွင့်ရရှိလို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။
မန်စီးတီးတိုက်စစ်မှူးက အခုဘောလုံးရာသီ၊ အစောပိုင်းစခန်းသွင်းလေ့ကျင့်မှုနှစ်ကြိမ်ကို လွဲချော်ပြီးနောက် ဆားဘီးယား၊ အယ်လ်ဘေးနီးယားတို့နဲ့ရင်ဆိုင်ရမယ့် နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အတွက် တူချယ်ရဲ့လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ကြာသပတေးနေ့ညနေခင်း၊ ဝင်ဘာလေကွင်းပွဲစဉ်အတွင်း ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်လာပြီးနောက် ဖိုဒန်က အီဇီရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်ပြီး သူ့ရဲ့တန်ဖိုးကို သက်သေပြသွားခဲ့ပါတယ်။
ဖိုဒန်က “ အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိတာ အံ့သြစရာပါပဲ။
ဒီလိုကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေနဲ့အတူ အသင်းလူစာရင်းဆီ ပြန်လည်ပါဝင်ခွင့်ရရှိလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ အရမ်းပျော်ရွှင်မိတာပါ။
ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့လို့ သွင်းဂိုးအထိ မဖြစ်လာခဲ့ပါဘူး။ ခြုံပြီးပြောရရင်တော့ ကျွန်တော့်ရဲ့အကျိုးသက်ရောက်မှုနဲ့အတူ ကျေနပ်ရပါတယ်”လို့ ပြောပါတယ်။
ဖိုဒန်က သူ့ရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်အပြင် စွယ်စုံရအရည်အသွေးတွေကြောင့် လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တူချယ်ရဲ့အတွေးတွေထဲမှာ နေရာတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်နေပါတယ်။
ဖိုဒန်က “ နည်းပြ ဘယ်နေရာမှာပဲထားထား၊ ကျွန်တော်က နေရာစုံမှာ ကစားပေးနိုင်စွမ်းရှိပါတယ်။
False 9 နေရာမှာကစားရတာကို ကျွန်တော်ကြိုက်ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။ အချိန်က စကားပြောသွားပါလိမ့်မယ်။
နေရာစုံမှာလည်း အရည်အသွေးအပြည့်ရှိတဲ့ ကစားသမားတွေ ပါဝင်ပါတယ်။ ကလပ်အသင်းအတွက်လည်း ကောင်းကောင်းကစားပေးရမယ်ဆိုတဲ့ ဖိအားရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမှုအပြည့်နဲ့ ကျွန်တော့်ရဲ့နေရာဆက်လက်ရရှိဖို့ ကြိုးစားသွားပါမယ်” လို့ ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းက ၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့၊ တီယာနာမြို့မှာ အယ်လ်ဘေးနီးယားနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။