အီဂျစ်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းကနေ နန့်တက်စ်ကြယ်ပွင့် မိုစတာဖာ မိုဟာမက် အံ့ဩဖွယ် ချန်လှပ်ခံရ
နန့်တက်စ်တိုက်စစ်မှူး မိုစတာဖာ မိုဟာမက်ဟာ နောက်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီဂျစ်အသင်းရဲ့ ပဏာမလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ ယူ-၁၉ အသင်းမှာ ကစားနေပြီး လက်ရွေးစင်အဖြစ် တစ်ပွဲမှ မကစားရသေးတဲ့ လူငယ်ကစားသမားလေး ဟမ်ဇာ အဗ္ဗဒူကာရင်ကတော့ လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး အိုမာ မားမော့ရှ်နဲ့အတူ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီဂျစ်တိုက်စစ်ကို ဦးဆောင်သွားမှာပါ။
အီဂျစ်အသင်းဟာ အမေရိကန်ကို မသွားခင် နောက်ဆုံးအိမ်ကွင်းခြေစမ်းပွဲအဖြစ် မေ ၂၈ ရက်မှာ ရုရှားအသင်းနဲ့ ကိုင်ရိုမြို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲအပြီးမှာတော့ နည်းပြ ဟော့ဆန် ဟတ်ဆန်က ဖီဖာက သတ်မှတ်ထားတဲ့ ကစားသမား ၂၆ ဦးစာရင်းဖြစ်အောင် တစ်ယောက်ကို ပြန်လျှော့သွားမှာ ဖြစ်ပါတယ်။
မိုဟာမက်ဟာ ဒီရာသီမှာ နန့်တက်စ်အသင်းအတွက် ၂၄ ပွဲကစားပြီး ၄ ဂိုးပဲ သွင်းနိုင်ခဲ့သလို သူ့ရဲ့အသင်းကလည်း ပြင်သစ် လီဂူး-၁ ကနေ တန်းဆင်းသွားရတာကြောင့် ခြေစွမ်းပိုင်း ရုန်းကန်နေရတယ်ဆိုပေမဲ့ သူ့ကို အခုလို ချန်လှပ်ခဲ့တာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
တခြားတစ်ဖက်မှာတော့ လူငယ်ကစားသမား အဗ္ဗဒူကာရင်က ဘာစီလိုနာလူငယ်အသင်းမှာ ခြေစွမ်းပြနေပြီး အီဂျစ်ဘောလုံးလောကမှာ အလားအလာအရှိဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်နေပါတယ်။
အီဂျစ်အသင်းဟာ ဇွန် ၆ ရက်မှာ ဘရာဇီးအသင်းနဲ့ ကလိဗ်လန်းမြို့မှာ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ၉ ရက်အကြာမှာတော့ ဆီယက်တဲလ်မြို့မှာ ဘယ်လ်ဂျီယံနဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်မှာပါ။ အဲဒီနောက် ဇွန် ၂၁ ရက်မှာ နယူးဇီလန်နဲ့ ဗန်ကူးဗားမြို့မှာ ကစားမှာဖြစ်ပြီး ၅ ရက်အကြာမှာတော့ ဆီယက်တဲလ်မြို့ကို ပြန်လာပြီး အုပ်စု (G) နောက်ဆုံးပွဲအဖြစ် အီရန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။