
ချဲလ်ဆီးအသင်းဟာ ကိုးလ်ပယ်လ်မာအပေါ် အလွန်အမင်းမှီခိုအားထားပါတယ်လို့ ဝန်ခံလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးအသင်းအနေဖြင့် ပုံစံကောင်းပျောက်ဆုံးနေတဲ့ အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပယ်လ်မာအပေါ် အလွန်အမင်းမှီခိုအားထားပါတယ်လို့ နည်းပြမာရက်စ်ကာက အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ မန်စီးတီးမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း တစ်ရာသီခွဲကျော်ကာလတွေမှာ ပယ်လ်မာက ချဲလ်ဆီးအသင်းအတွက် ကယ်တင်ရှင်တစ်ဦးအဖြစ် အသုံးတော်ခံခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က ပြီးခဲ့တဲ့ရာသီ၊ ပိုချက်တီနိုအသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စရပ်အချို့အနက် တစ်ခုဖြစ်ခဲ့ပါတယ်။ မာရက်စ်ကာလက်အောက်မှာတော့ ပယ်လ်မာရဲ့အကျိုးသက်ရောက်မှုက သိပ်ကြီးမားခြင်းမရှိပေမယ့် အသင်းအတွက် အဓိကကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒီအချက်ကို အီတာလျံသားနည်းပြဖြစ်သူကိုယ်တိုင်လည်း သဘောတူခဲ့ပြီး အသင်းအနေဖြင့် လတ်တလောရုန်းကန်နေရတဲ့ ပယ်လ်မာအပေါ် အလွန်အမင်းမှီခိုအားထားနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း ပယ်လ်မာရဲ့လတ်တလောစွမ်းဆောင်ရည်ကျဆင်းနေမှုနဲ့စပ်လျဉ်း၍ မေးမြန်းလာမှုကို မာရက်စ်ကာက “No. ကျွန်တော်ကတော့ မစိုးရိမ်မိပါဘူး။ ကျွန်တော်က အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ပဲ အမြဲတမ်းစိုးရိမ်နေပါတယ်။ကိုးလ်ပယ်လ်မာအတွက်တော့ မစိုးရိမ်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပယ်လ်မာက လူသားတစ်ဦးဖြစ်သလို ဘောလုံးရာသီအတွင်းမှာလည်း အနည်းငယ်ရုန်းကန်ရတဲ့အခိုက်အတန့်အချို့ ရှိလာနိုင်လို့ဖြစ်ပါတယ်။ ပယ်လ်မာနဲ့ပတ်သက်တဲ့ အဓိကပြဿနာက အရာရာတိုင်း သူ့အပေါ် အမှီအခိုပြုနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အသင်းအပေါ်မှာပဲ မှီခိုအားထားဖို့ လိုအပ်တယ်ဆိုတာကို အစကတည်းက ပြောခဲ့ပြီးသားပါ။ကျွန်တော်တို့အတွက် ကိုးလ်ပယ်လ်မာလို ကစားသမားကောင်းတွေ လိုအပ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ ဘယ်အရာကိုမှ ကျွန်တော်တို့ မစိုးရိမ်မိပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဆောင်းရာသီအစောပိုင်းမ လီဗာပူးနဲ့အတူ လိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေရာမှ အမှတ်ပေးဇယားအောက်ပိုင်းဆီ ထိုးဆင်းလာနေတဲ့ ချဲလ်ဆီးအသင်းနဲ့အတူ ပယ်လ်မာကိုပါ ပုံစံကောင်းပြန်ရရှိစေဖို့ ဘယ်လိုပြင်ဆင်ထားသလဲဆိုတဲ့မေးခွန်းကို မာရက်စ်ကာက “ သူလုပ်နေကျအတိုင်း ဆက်လုပ်သွားရုံပါပဲ။ အခြားနေ့တွေမှာ သူ့အတွက် အခွင့်အလမ်းကောင်းတစ်ခုရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပယ်လ်မာရဲ့စွမ်းဆောင်ရည်အပါအဝင် အားလုံးခြုံပြီးပြောရရင် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ပွဲတိုင်းမှာ ကျွန်တော်တို့က သူ့ရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှုတွေကို မျှော်လင့်ခဲ့ပါတယ်။ ဒါက ခက်ခဲလွန်းပါတယ်။ သူက လူသားတစ်ဦး၊ ကစားသမားတစ်ဦးပါ။ အခုအခိုက်အတန့်မှာတော့ သူ့ရဲ့စွမ်းဆောင်ရည်က အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ အသင်းအတွက် ဂိုးတွေသွင်းယူဖို့ ရုန်းကန်ရသလို အခွင့်အရေးတွေရရှိချိန်မှာ နည်းနည်းလေးပိုပြီး လက်တွေ့ကျကျလုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်”လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးက အခုညပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆောက်သမ်တန်ကို ဧည့်ခံကစားရဖို့ရှိပြီး မဖြစ်မနေသုံးမှတ်အပြည့်ရှာဖွေရမယ့်ပွဲစဉ်မှာ ပယ်လ်မာလည်း အသင်းအတွက် ပွဲထွက်ကစားလာပါလိမ့်မယ်။