The network connection is lost.

Banner Image

ချဲလ်ဆီးဂန္ထဝင် အက်ရှ်လေကိုးလ်ကို စီဆီနာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်

ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး အက်ရှ်လေကိုးလ်ကို အီတလီ စီးရီးဘီကလပ် စီဆီနာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူဟောင်း ကိုးလ်ဟာ အခုရာသီကုန်အထိ စီဆီနာအသင်းကို တာဝန်ယူကိုင်တွယ်သွားဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။

တနင်္ဂနွေနေ့ညနေပိုင်းမှာ ကလပ်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ရာမှာတော့ "စီဆီနာအသင်းသားအားလုံးအနေနဲ့ အသင်းရဲ့ ပထမအသင်းကို ဦးဆောင်မယ့် နည်းပြ အက်ရှ်လေကိုးလ်ကို နွေးထွေးစွာ ကြိုဆိုပါတယ်။ သူနဲ့အတူ နည်းပြအဖွဲ့ဝင်တွေကိုလည်း စီဆီနာမြို့ကနေ နွေးထွေးစွာ ကြိုဆိုသလို၊ အခုစိန်ခေါ်မှုအသစ်မှာ အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ဖော်ပြထားပါတယ်။

ကိုးလ်ဟာ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ လက်ထောက်နည်းပြရာထူးကနေ နှုတ်ထွက်ပြီး အီတလီကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ သူဟာ အရင်ကလည်း ဒါဘီ၊ အဲဗာတန်နဲ့ ဘာမင်ဂမ်စီးတီးအသင်းတွေမှာ အလားတူ လက်ထောက်နည်းပြ ရာထူးတွေကို တာဝန်ယူခဲ့ဖူးသူပါ။

ကိုးလ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း မီချယ်လီ မီဂ်နာနီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စီဆီနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် နိုင်ပွဲမရရှိဘဲ ၄ ပွဲရှုံး၊ ၃ ပွဲသရေ ရလဒ်တွေကြောင့် လက်ရှိမှာ စီးရီးဘီ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရောက်ရှိနေပါတယ်။